တဖက်နိုင်ငံ(ထိုင်း)သို့ နေ့စဉ်ဝင်ရောက်လျှက်ရှိသော မြန်မာနိုင်ငံသားများအား မွန်ပြည်နယ်၊ မော်လမြိုင်-မုဒုံ-ကြာအင်းဆိပ်ကြီးနှင့် မော်လမြိုင်-မြဝတီလမ်းကြောင်းများတွင် မွန်ပြည်နယ် လူကုန်ကူးမှုကာကွယ်တားဆီးရေး အဖွဲ့က ရှောင်တခင်စစ်ဆေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံသားများဖြစ်ကြသည့် ကျား/မအရွယ် လူငယ်လူလတ်ပိုင်းများ ထိုင်းနိုင်ငံသို့ လူပို့ပွဲစားမှတဆင့် တရားမဝင်လမ်းကြောင်းမှနေစဉ်ဝင်ရောက်လျှက်ရှိရာ လူကုန်ကူးမှုအခြေအနေများဖြစ်ပေါ်စေနိုင်သဖြင့် ယင်းကဲ့သို့တားဆီးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်လူကုန်ကူးမှုကာကွယ်တားဆီးရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
၎င်းက “ဒီရက်အတွင်းမှာ ချင်းပြည်နယ်ဖက်ကနေဝင်လာတာအတော်များတယ်၊ နယ်စပ်မှာအသိမိတ်ဆွေတွေ ခိုင်ခိုင်မာမာရှိရင်တော့ သွားခွင့်ပြုပါတယ်၊ နယ်စပ်မှအသိဆွေမျိုးမရှိသူ၊ နိုင်ငံကူးလက်မှတ်ယာယီပတ်စပို့မရှိသူ တွေကိုတော့ နေရပ်ပြန်ခိုင်းတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်နိုင်ငံမှာ အရောင်းစားခံမှာစိုးရိမ်ရတယ်” ဟု ပြောသည်။
ဇမိမြစ်အတွင်းပြေးဆွဲနေသော ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး-ချောင်းဆုံလှေလမ်းတွင် ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူလမ်းပိုင်းမှ အုပ်စုအလိုက် ချင်းလူငယ်အများအပြား ပြီးခဲ့သည့်သီတင်းပတ်များတွင် ဝင်ရောက်ခဲ့ကြသည်။
ယင်းလမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ နေ့စဉ်တရားမဝင်လမ်းကြောင်းမှဝင်ရောက်သူများ တစ်ရာယောက်ဝန်းကျင် ခန့်ရှိရာတွင် ချင်းတိုင်းရင်းသား ၂၀ ဝန်းကျင်ခန့်ပါရှိတတ်ကြောင်း ဘုရားသုံးဆူမြို့စစ်ဆေးရေးဂိတ်တစ်ခု၏ မှတ်တမ်း အရသိရသည်။
ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ င်ရောက်ခဲ့သူများအနက် အချို့မှာပွဲစား၏ ရောင်းစားခြင်းခံလိုက်ရပြီး ယောကျာ်းလူငယ်များသည် ပင်လယ်ငါးဖမ်းလှေများတွင်၄င်း၊ မိန်းကလေးများသည် အနှိပ်ခန်း၊ ကာရာအိုကေခန်းနှင့် ပြည့်တန်ဆာရုံများသို့ ရောက်ရှိနေကြသည့်သတင်းများ မကြာခဏဖတ်ရှုနေရသည်။
မြန်မာနိုင်ငံသည် ၂၀ဝ၈-၂၀၁၀ ခုနှစ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက် မှုတွင် အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အားအနည်းဆုံးနိုင်ငံဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လတွင် မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြား ခဲ့ကြောင်း အင်တာနက်သတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ ၅ နှစ် စီမံကိန်းကို ချမှတ်ဆောင်ရွက် လျှက်ရှိပြီး လူကုန်ကူးမှုကိစ္စရပ်များအား ၂၄ နာရီတိုင်ကြားနိုင်သည့် အရေးပေါ်ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ထားခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အမီ အဓမ္မ စေခိုင်းမှု ပပျောက်ရေးလုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာအလုပ် သမားအဖွဲ့ချုပ် ILO နှင့် အလုပ်သမားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမြင့်သိန်းတို့ ပြီးခဲ့သည့် မေလအတွင်း၌ လက်မှတ်ရေးထိုးခဲ့ကြသည်။