သြဂုတ် ၂၀ ရက်မှ စ၍ မြန်မာနိုင်ငံတွင် ပုံနှိပ်ထုတ်ဝေနေသည့် စာနယ်ဇင်းများ အားလုံး စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင် တင်ပြ၍ ခွင့်ပြုချက်ရယူခြင်း၊ ကြိုတင် စာပေစိစစ်ခံခြင်းကို မပြုလုပ်ရတော့ဘဲ ထုတ်ဝေပြီးမှ တင်ပြရသည့် ထုတ်တင်စနစ်သို့ ပြောင်းလဲလိုက်ပြီဖြစ်သည်။ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန အနေဖြင့် မှတ်ပုံတင် ကိစ္စများနှင့် ပုံနှိပ်ပြီး စာစောင်များ ဖတ်ရှု့လေ့လာ သုံးသပ်သည့်အလုပ်သာဆောင်ရွက် တော့မှာ ဖြစ်သည်။
သြဂုတ် ၂၀ ရက်မှ စ၍ မြန်မာနိုင်ငံတွင် ပုံနှိပ်ထုတ်ဝေနေသည့် စာနယ်ဇင်းများ အားလုံး စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင် တင်ပြ၍ ခွင့်ပြုချက်ရယူခြင်း၊ ကြိုတင် စာပေစိစစ်ခံခြင်းကို မပြုလုပ်ရတော့ဘဲ ထုတ်ဝေပြီးမှ တင်ပြရသည့် ထုတ်တင်စနစ်သို့ ပြောင်းလဲလိုက်ပြီဖြစ်သည်။ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန အနေဖြင့် မှတ်ပုံတင် ကိစ္စများနှင့် ပုံနှိပ်ပြီး စာစောင်များ ဖတ်ရှု့လေ့လာ သုံးသပ်သည့်အလုပ်သာဆောင်ရွက် တော့မှာ ဖြစ်သည်။
မြန်မာစာပေလောကတွင် နှစ်ပေါင်း ၅ဝ နီးပါးကြာ စာပေ စိစစ်၊ ဖြတ်တောက်၊ ပိတ်ပင်မှုများပြုလုပ်လာခဲ့ သည့် ထိုဌာန က နောင် ဆက်လက်လုပ်ဆောင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆုံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ အား မဇ္စျိမ သတင်းဌာနမှ တွေ့ဆုံမေးမြန်းထား သည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက လုပ်ဆောင်ခဲ့တဲ့ အချိန်ကာလနဲ့ လုပ်ဆောင်မှုအပိုင်းကို သိပါရစေ။
ဦးတင့်ဆွေ။ ။ ၁၉၆၂ ခုနှစ်၊ ဥပဒေက စာပေစိစစ်တာတို့ မပါပါဘူး။ နောက်ကျမှသာ ညွှန်ကြားချက်၊ အမှာစာတွေနဲ့ခေတ်ရဲ့လိုအပ်ချက်အရ၊ စနစ်ရဲ့လိုအပ်ချက်အရ ကြပ်မတ် လာတာ ဖြစ်တယ်။ ၁၉၆၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှာ ညွှန်ကြားချက် ၁ ကို ထုတ်ခဲ့တယ်။ အခု ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်ဖြစ်ပြီ ဆိုတော့ ၄၈ နှစ်နဲ့ ၁၄ ရက် ကြာခဲ့ တယ်။ ဒီစာပေတွေကို တဖြည်းဖြည်းချင်း စည်းကြပ်လာခဲ့ တာပေါ့။ အခုတော့ ၄၈ နှစ်နဲ့ ၁၄ ရက်အကြာမှာ ဒါတွေကို ပြန်ပြီးတော့ ဖွင့်ပေးလိုက်ပြီ။ စာပေစိစစ်ခြင်းကိစ္စတွေ ဘာမှ မရှိတော့ဘူး။
အခုလို လုပ်ဆောင်ခဲ့ရတဲ့ ရည်ရွယ်ချက်ကို သိလိုပါတယ်။
ဦးတင့်ဆွေ။ ။ ၄၈ နှစ်နဲ့ ၁၄ ရက်အတွင်းမှာ နှစ်လေးဆယ်လောက်ကတော့ တသမတ်တည်း တင်းကြပ်ထားတဲ့ သဘော ရှိပါတယ်။ ဒါကလည်း အဲဒီခေတ်၊ အဲဒီ အခြေအနေတွေအရ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဘက် ၈ နှစ်ပေါ့။ ၂ဝဝ၅ ကနေ စပြီး အခုအချိန်ထိ တကယ်သွားမယ့် ဒီမိုကရေစီ နိုင်ငံတော်တခုကို ဘယ်လိုသွားမယ် ဆိုတဲ့ ပုံစံပေါ်မှာ မူတည် ပြီးတော့ မီဒီယာလောက ဘယ်လိုဖြေလျှော့ရင် ကောင်းမလဲ ဆိုတဲ့ဟာအပေါ် အခြေတည် စဉ်းစားပြီး လုပ်လာခဲ့တာပါ။
ဒီ ၈ နှစ် အတွင်းမှာ ပြင်ဆင်ခဲ့တယ်။ ပြီးခဲ့တဲ့ တနှစ်နဲ့ ငါးလအတွင်းမှာတော့ အစိုးရသစ် တက်လာတယ်။ အဆင့်ဆင့် ဖြေလျှော့မှုတွေ လုပ်တယ်။ အခု ပဥ္စမအဆင့် ဖြေလျှော့လိုက်တော့ အားလုံး ကင်းလွတ်ခွင့် ရသွားပြီ။ စိစစ်မှုတွေက လုံးဝကို မရှိတော့ဘူး။ မှတ်ပုံတင်တဲ့အပိုင်းပဲ ရှိတော့မယ်။
စိစစ်မှုမရှိတော့ဘူး။ မှတ်ပုံတင်တာပဲရှိတော့မယ်ဆိုတော့ အဲဒီအပိုင်းကို ရှင်းပြပေးပါဦး။
ဦးတင့်ဆွေ။ ။ နိုင်ငံတော်အတွင်းမှာ နေ့စဉ် ထုတ်ဝေနေတဲ့စာတွေ ရှိတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေ ရှိတယ်။ အထွေထွေ ထုတ်ဝေခွင့်တွေရှိတယ်။ နောက် သတင်းစာတွေ လာမယ်။ အဲဒီ ထွက်သမျှကိုတော့ကျနော် တို့ဆီ လာတင်ရမယ်။ ဒါက ဘာလဲဆိုတော့ မှတ်ပုံတင်လုပ်ငန်း လုပ်တာ။ စာပေ မှတ်ပုံတင်လုပ်ငန်းပေါ့။ ထုတ်ဝေစာတွေ မှတ်ပုံတင်တဲ့ လုပ်ငန်း။ ဒါဟာ ကျနော်တို့ရဲ့နောက်လုပ်မယ့် ပင်မလုပ်ငန်း ဖြစ်လာမယ်။ ကျနော်တို့ဆီမှာတော့ ပုံနှိပ်စာတွေ မှတ်ပုံတင် လုပ်ငန်းရှိမယ်။ ပုံနှိပ်သူ၊ ထုတ်ဝေသူ မှတ်ပုံတင်လုပ်ငန်း ရှိမယ်။ ဒီနှစ်ခုကို ဆက်လုပ်မယ်။ နောက်ဆိုရင်တော့ ဌာနနာမည်တွေ ပြောင်းရမှာပေါ့။ စာပေစိစစ်မှ မဟုတ်တော့တာ။ ဒါကတော့ ဘာညွှန်ကြားချက်မှ မရှိသေးပါဘူး။
ပုံနှိပ်သူ၊ ထုတ်ဝေသူ မှတ်ပုံတင်လုပ်ငန်း ရှိမယ်။ ဒီနှစ်ခုကို ဆက်လုပ်မယ်။ နောက်ဆိုရင်တော့ ဌာန နာမည်တွေ ပြောင်းရမှာပေါ့။ စာပေစိစစ်မှ မဟုတ်တော့တာ။ ဒါကတော့ ဘာညွှန်ကြားချက်မှ မရှိသေးပါဘူး။
အဲလို မှတ်ပုံတင်ရမယ့်အထဲမှာ ခွဲခြားထားတာမျိုး၊ တင်စရာ မလိုတာမျိုးတွေရော ရှိပါသေးလား။
ဦးတင့်ဆွေ။ ။ နိုင်ငံတွင်းမှာ ထုတ်တဲ့ ထုတ်ဝေစာ အားလုံးကတော့ လာတင်ရမှာ ဖြစ်တယ်။ ဒါမျိုးက အခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ အဲဒါတွေကို သက်ဆိုင်ရာတွေဆီ ပို့သလို ဒီမှာလည်း Register (မှတ်ပုံတင်) လုပ်ထားတယ်။ တချိန်ချိန်မှာ မူပိုင်ခွင့် ပြဿနာ တက်မယ်ဆိုရင် ကျနော်တို့ ရှင်းပေးနိုင်မယ်။ ဒီမှာ အားလုံးကို ဒစ်ဂျစ်တယ် (digital) မှတ်တမ်းနဲ့ လုပ်ထားတာဖြစ်တယ်။
စိစစ်ခြင်း မရှိတော့ဘူးဆိုတော့ မီဒီယာရဲ့အခန်းကဏ္ဍက ဘယ်လိုဖြစ်လာပါမလဲ။
ဦးတင့်ဆွေ။ ။ နောက်ပိုင်းမှာ မီဒီယာတွေ အများကြီးကို ဖွံ့ဖြိုးလာမှာပါ။ အရင်တုန်းက ဒီ စိစစ်ခြင်းကြောင့် တင်းကြပ် တာတွေက အများကြီးဗျ။ ထိခိုက်တာတွေလည်း အများကြီး။ တပတ် ကြိုတင်ဆိုတဲ့ အတွက်ကြောင့် တပတ်သတင်းကလေးရက်လောက် ကြာမှ ဒီသတင်း ဖတ်ရတာမျိုး၊ ဒီလောက် ပါတာမျိုးပဲ ဖြစ်တယ်။ အခုတော့ ကိုယ့် အချိန်အဆနဲ့ ကိုယ် လုပ်နိုင်ပြီဆိုတော့။ ဒီဂျာနယ်တွေ၊ မဂ္ဂဇင်းတွေအားလုံးဟာ အများကြီးကို သတင်းလတ်ဆက်လာမယ်။ ပြီးတော့ ကိုယ့်အတွေးအမြင်ကို ပိုမိုပြီး ရေးသားဖော်ပြနိုင်မယ်။ အရင်တုန်းက ကျနော်တို့ဌာန စိစစ်မှုတွေကလည်း တချို့နေရာတွေမှာ မလိုအပ်ဘဲ ထိခိုက်တာတွေ ပါနိုင်ပါတယ်။ ကျနော်တို့ကလည်း လူသားတွေပဲ ဖြစ်တော့ အမှားလည်း ရှိနိုင်တာပေါ့။ စိုးရိမ်ပြီး ထောက်တာမျိုးတွေ ရှိခဲ့တာပေါ့။ အခုတော့ အဲဒါမျိုးတွေ မရှိနိုင်တော့ပါဘူး။ သတင်း လတ်ဆက်မှုတွေ၊
ဆောင်းပါးတွေက အများကြီးဖွံ့ဖြိုးလာမယ်။
ထုတ်ဝေခွင့် ပေးတဲ့ အပိုင်းမှာရော ဘယ်လိုတွေ ပြောင်းလဲလာဦးမလဲခင်ဗျ။
ဦးတင့်ဆွေ။ ။ အခုကတော့ ဘာမှ ပြဿနာ မရှိတော့ဘူး။ စိစစ်ခြင်းကြောင့် အရင်တုန်းက ထုတ်ဝေခွင့် မပေးတာ။ စိစစ်ခြင်း မရှိတော့ရင် ကျန်တဲ့ ကန့်သတ်ချက် ဘာမှမရှိဘူး။ လုပ်ချင်တဲ့သူကို ပေးကို ပေးရမှာ။ ထုတ်ဝေသူ၊ ထုတ်ဝေ ခွင့်တွေက အရင်တုန်းက စာပေစိစစ်က စိစစ်နိုင်သလောက်ပဲ ခွင့်ပြုပေးထားတယ်။ ထပ်ပေးထားလို့ ထပ်တင်လာရင် စိစစ်ဖို့ အခက်အခဲ ဖြစ်တယ်။ အခုစိစစ်ခြင်း ကိစ္စတွေ မရှိတော့တဲ့ အတွက် ထုတ်ဝေသူတွေဟာ ထုတ်ဝေခွင့်တွေ ဘယ်လိုပဲရရ လွတ်လွတ်လပ်လပ် ထုတ်သွားနိုင်ပြီ။ ဒါဟာ သူတို့ရဲ့ အားသာချက် တခုပဲ။
စိစစ်ရေး ရှိစဉ်အချိန်နဲ့ မရှိတော့တဲ့အခြေအနေက အားနည်းချက်၊ အားသာချက် အချို့ကိုလည်း ပြောပြပေးပါဦး။
ဦးတင့်ဆွေ။ ။ အရင်တုန်းကတော့ စာအုပ်တအုပ် ရေးမယ်။ ရေးပြီး ကျနော်တို့ဆီ တင်ရမယ်။ တင်ပြီးမှ ထုတ်ရမယ် ဆိုတော့ စာအုပ်တအုပ်ကို ကျနော်တို့ဆီမှာ အနည်းဆုံး တလနဲ့ သုံးလကြား ကြာတယ်။ အခုဆိုရင်တော့ အဲလိုစောင့်စရာ မလိုတော့ဘူး။ အလားတူပဲ စာနယ်ဇင်းတွေ ဆိုရင်တော့ အရမ်းကို သိသာမယ်။ အရင်တုန်းက တင်းကြပ် ထားတော့ မလွတ်လပ်တာရယ်။ ရက်အခြေအနေအရ သတင်းတွေက သိုးကုန်တာရယ်။ အခုဒါတွေက လတ်ဆက်လာ မယ်။
အဲဒီရဲ့အကျိုးက ပြည်သူအပေါ်ရော ဘယ်လောက်အတိုင်းအတာထိ သက်ရောက်နိုင်ပါသလဲ။
ဦးတင့်ဆွေ။ ။ ဒါတွေ ပြောင်းလာမှုအပေါ် မူတည်ပြီး စာနယ်ဇင်းဆိုင်ရာ အတွေးအမြင်တွေ တိုးတက်လာမယ်။ ပြည်သူတွေလည်း အသိဉာဏ် ဖွံ့ဖြိုးလာမယ်။ စာဖတ်တဲ့ အလေ့အထတွေလည်း ကောင်းလာမယ်လို့ ထင်တယ်။ သတင်း မြန်လာတဲ့အတွက် ပြည်သူကလည်း ပိုပြီးစိတ်ဝင်စားမှုရှိလာမယ်။
ကျနော်တို့ဌာန စိစစ်မှုတွေကလည်း တချို့နေရာတွေမှာ မလိုအပ်ဘဲ ထိခိုက်တာတွေ ပါနိုင်ပါတယ်။ ကျနော်တို့ကလည်း လူသားတွေပဲ ဖြစ်တော့ အမှားလည်း ရှိနိုင်တာပေါ့။
အားလုံးစိတ်ဝင်စားမှုရှိနေတဲ့ နေ့စဉ်ထုတ် သတင်းစာ ဖြစ်ပေါ်မှုမှာရော အခုအခြေအနေက သက်ရောက်နိုင်ပါ သလား။
ဦးတင့်ဆွေ။ ။ နေ့စဉ်ထုတ် သတင်းစာတွေလည်း အခုလို စိစစ်ခြင်း မရှိတော့ဘူးဆိုတော့ ပေးသင့်ပါတယ်။ ရလည်း ရသင့်ပါတယ်။ နေ့စဉ်ထုတ် သတင်းစာတွေ ဆိုတာကလည်း နိုင်ငံတနိုင်ငံမှာ ရှိလည်း ရှိသင့်ပါ တယ်။ မရှိဘူးဆိုတာ ကတောင် နည်းနည်း ရှက်စရာ ကောင်းနေပါတယ်။ အရင်တုန်းကမရှိခဲ့ဘူးဆို တာကလည်း ဒီကနေ့ထိတိုင်အောင် စိစစ်ရေးစနစ်က ရှိနေခဲ့သေးတာကိုး။ နေ့စဉ်ထုတ်ဖို့အတွက်က စိစစ်ရေး တင်ရရင် ဘယ်လိုလုပ် ထုတ်မလဲ။ အခု စိစစ်ရေးစနစ် ဖျက်လိုက်တဲ့အတွက် အများကြီးကို ရနိုင်ခြေ ရှိသွားပါပြီ။ ဥပဒေသစ် ဖြစ်လာတဲ့အချိန်မှာ ဖြစ်ရင်ဖြစ်ပေါ့။ ဒီကြားထဲမှာ ဖြစ်ဖို့ဆိုတာကတော့ ၁၉၆၂ ခုနှစ် ဥပဒေ ရှိနေသေးတာကလည်း နည်းနည်း အကြပ်အတည်း ရှိနေသေးတာပေါ့။
အဲဒီ ဥပဒေသစ်ဖြစ်တဲ့ မီဒီယာဥပဒေ ပေါ်ပေါက်လာဖို့ အခြေနေကိုလည်း ပြောပြပေးပါဦး။
ဦးတင့်ဆွေ။ ။ မီဒီယာဥပဒေကတော့ ဒီဘက်ပိုင်းက အကုန်ပြီးသွားပြီ။ Cabinet (ဝန်ကြီးများအဖွဲ့) တင်မယ်။ Cabinet မှာ အတည်ပြုရင် လွှတ်တော်တင်ဖို့ပဲ ရှိတော့မယ်။ လွှတ်တော် တင်ရင် ဥပဒေကြမ်းကို သတင်းစာထဲထည့်ပြီး အကုန် လုံး ပြရမှာ ဖြစ်တဲ့အတွက် မီဒီယာသမားရော၊ ပြည်သူရော က ဒီအပေါ်မှာ ဝေဖန်မှာပဲ။ အချိန် ကာလကတော့ အဲဒီ အပေါ်မှာပဲ မူတည်သွားမယ်။ မြန်မြန် ထွက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
နောက်ပိုင်းမှာရော မီဒီယာတွေဘက်က ဝင်ရောက်ပါဝင်မှု ရှိဦးမလား။
ဦးတင့်ဆွေ။ ။ အဲဒါကတော့ ၁၉၆၂ ခုနှစ် ဥပေဒက ရှိနေသေးတယ်ဆိုတော့ တခုခု ဖြစ်လာခဲ့တယ်ဆိုရင် ဝင်ပြီးတော့ ဆောင်ရွက်ဖို့ ညွှန်ကြားချက်မျိုး ရှိလာရင်တော့ ကျနော်တို့ ဝင်လုပ်ပေးမှာပေါ့။ ဒါပေမယ့် ဒါမျိုးကလည်း ကျနော်ထင်တယ် သိပ်ပြီးတော့ မရှိနိုင်တော့ဘူး။ အခုဆိုရင် MWA၊ MJA၊ MJN၊ MJU ဆိုတဲ့ အသင်းအဖွဲ့အစည်းတွေက စာပေလောကသားတွေ အတွက်ပဲ ယုံကြည်ရာ စုစည်းထူထောင်ကြတာဆိုတော့ သူတို့သည် ပိုပြီးတော့ အားကိုးရမယ့် အဖွဲ့အစည်းတွေ၊ အားကိုးရမယ့်သူတွေ ဖြစ်လာမှာပေါ့။ ကျနော်တို့ကတော့ ဌာနဆိုင်ရာ အစိုးရအဖွဲ့အစည်း ဖြစ်တဲ့ အတွက် ကျနော်တို့တာဝန် ကျနော်တို့ ထမ်းဆောင် ဆိုတဲ့အပိုင်းမျိုး ဖြစ်တော့မယ်လို့ ယူဆတယ်။
အခုလို ပဥ္စမအဆင့် ဖြေလျှော့မှုအပေါ် ပြောချင်တာများရှိရင် ပြောပြပေးပါဦး။
ဦးတင့်ဆွေ။ ။ မီဒီယာအနေနဲ့ အခုလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ စိစစ်ခြင်း မလုပ်ရဘဲနဲ့ ထုတ်ရတယ်ဆိုတာ ၄၈ နှစ် တာကာလ အတွင်းမှာ ပြန်ရတဲ့အတွက်ကြောင့်မလို့ အားလုံးက ဝမ်းသာရမယ့်ကိစ္စပဲ။ ကျင့်ဝတ်နဲ့ညီအောင်၊ ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင်ဆိုတာကတော့ မီဒီယာသမား အားလုံး ဝိုင်းဝန်း စောင့်ထိမ်းပြီး လုပ်ကြဖို့ပါ။ အခု လျှော့ပေါ့ ဆောင်ရွက်ခဲ့တဲ့ အဆင့်တွေမှာလည်း ရုတ်တရက် ကောက်ပြီးထလုပ်တာ တခုမှ မရှိဘူး။ ဒီမိုကရက် တစ် အစိုးရသစ် တက်မယ်ဆိုတာနဲ့ အဲဒါတွေ အားလုံးကို ဆွဲပြီးသား။ တဆင့်ချင်း သွားမယ်၊ လုပ်မယ် ဆိုတာ အဲဒီက တည်း ကြိုတင်လျာထားပြီးသားပါ။ ဒါကြောင့်လည်း တနှစ်နဲ့ ငါးလ အတွင်းမှာ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်တာပါ။ ဒါကိုလည်း အဓိက ပြောချင်ပါတယ်။