ပေါင်းဆန်ဖြင့် ဓနတိုးအောင် ကြံဆောင်

ပေါင်းဆန်ဖြင့် ဓနတိုးအောင် ကြံဆောင်
by -
သစ်ငြိမ်း

အခွံမချွတ်ရသေးသည့် စပါးတမျိုးမျိုးကို ရေနွေးငွေ့ ပေါင်းခံပြီး အခွံချွတ်၍ အခြောက်ခံလိုက်လျှင် ‘ပေါင်းဆန်’ ကို ရပါသည်။ ပေါင်းဆန်ကို ချက်လျှင် ဆန်ရိုးရိုးထက် တဆခွဲခန့် ထမင်းပိုထွက်သည်။ ထမင်းကြမ်း ဖြစ်ခဲ့သည့်တိုင် မာမသွားပါ။

ပေါင်းဆန်ဆိုသည်မှာ

အခွံမချွတ်ရသေးသည့် စပါးတမျိုးမျိုးကို ရေနွေးငွေ့ ပေါင်းခံပြီး အခွံချွတ်၍ အခြောက်ခံလိုက်လျှင် ‘ပေါင်းဆန်’ ကို ရပါသည်။ ပေါင်းဆန်ကို ချက်လျှင် ဆန်ရိုးရိုးထက် တဆခွဲခန့် ထမင်းပိုထွက်သည်။ ထမင်းကြမ်း ဖြစ်ခဲ့သည့်တိုင် မာမသွားပါ။

မြန်မာ့ပေါင်းဆန်အတွက် စပါးမျိုးမှာ သီးထပ်ရင် ဖြစ်ပြီး အရွယ်အားဖြင့် ၅ ဒဿမ ၅ နှင့် ၆ မီလီမီတာ အကြား ရှိသည်။ ထိုင်းနိုင်ငံထုတ် ပေါင်းဆန်မှာ ရ မီလီမီတာကျော် အရွယ် ရှိသည်။

ကဆီဓါတ် လျော့ကျသွားသည့်အတွက် ကျန်းမာရေးပိုင်းကဆိုလျှင် ဆီးချို ရောဂါသည်များ စားသုံးရန် သင့်သည်။ စီပွားရေးပိုင်းတွင် ဆန်ကွဲ အကျိုးအကျေ မရှိသလောက်နည်းသည့် တန်ဖိုးမြင့် ကုန်စည်ဖြစ်ပြီး ပြည်ပ ဝယ်လိုအားကောင်းနေသည်။

မြန်မာနဲ ့ပေါင်းဆန်

တချိန်က အာရှ၏ စပါးကျီဟု တင်စားခံခဲ့ရပြီး ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်သည့် မြန်မာနိုင်ငံအတွက် ပေါင်းဆန် ထုတ်လုပ်ခြင်းမှာ စီးပွားရေးအရ အလားအလာ ကောင်းသည်ဟု ဆိုရပေမည်။

၁၉၄ဝ ပြည့်နှစ် ဝန်းကျင်ခန့်က ကမ္ဘာ့ဆန်အများဆုံး တင်ပို့ခဲ့သည့် မြန်မာနိုင်ငံသည် တနှစ် ဆန်တန်ချိန် သုံးသန်း တင်ပို့ရာတွင် ပေါင်းဆန်သည် ၂၅ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ကြောင်း ဆန်လုပ်ငန်းရှင် တဦးက ပြောသည်။

သို့ရာတွင် ၂ဝ ရာစု နှောင်းပိုင်း မြန်မာနိုင်ငံတွင် ဆန်စပါးလုပ်ငန်းများ ကျဆင်းခဲ့ပြီး ပေါင်းဆန် ထုတ်လုပ်သည့် လုပ််ငန်းလည်း လျော့ကျလာရာ ၂ဝဝ၂ ခုနှစ်တွင် လုံးဝ ရပ်ဆိုင်းသွားတော့သည်။

ပေါင်းဆန် ထုတ်လုပ် တင်ပို့ခြင်းကို ၂ဝ၁၁ တွင် ပြန်လည်စတင်နိုင်ခဲ့သည်။

လက်ရှိကြိုးပမ်းမှု

လက်ရှိတွင် ရုရှားသည် မြန်မာ့ပေါင်းဆန်၏ အဓိက ဝယ်လက်ဖြစ်ပြီး လစဉ် တန်တထောင် အထက်ထိ တင်ပို့ပေးရ လျက်ရှိသည်။

စမ်းတဝါးဝါးနှင့် စတင်ခဲ့စဉ်က တလလျှင် တန်ချိန် ၂၅ဝ သာ ရှိခဲ့သော်လည်း ယနေ့အထိဆိုလျှင်  စုစုပေါင်း တန်ချိန် ၆,ဝဝဝ ကျော် ပို့ပြီး ဖြစ်သည်။

ရုရှားနိုင်ငံသို့ လာမည့်နှစ်တွင် တလလျှင် တန်ချိန် ၅,ဝဝဝ ဝန်းကျင်အထိ တိုးချဲ့တင်ပို့နိုင်ရန် စီစဉ်ထားကြောင်း
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းမှ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးသောင်းဝင်း က ပြောသည်။

လာမည့်နှစ်တွင် ရုရှားနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဥရောပ အခြားနိုင်ငံများသို့ စျေးကွက် တိုးချဲ့ထိုးဖောက်နိုင်ရန် လည်း ကြိုးစားနေကြသည်။ အချို့နိုင်ငံများမှ အမှာများ ရရှိထားသော်လည်း ထုတ်လုပ်မှုပိုင်းတွင် ပေါင်းဆန် ထုတ်လုပ်နိုင်မည့် စက်၊ ပြည်ပ တင်ပို့နိုင်မည့် အရည်အသွေးပြည့်မီသည့် စပါး စသည့် လိုအပ်ချက်များ ရှိနေခြင်းကြောင့် အကောင်အထည် မဖော်ဆောင်နိုင်သေးကြောင်း ၎င်းက ပြောသည်။

ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နိုက်ဂျီးရီးယားနှင့် အာဖရိက စသည်တို့သည် ပေါင်းဆန် ထုတ်လုပ် စားသုံးမှု မြင့်မားသော နိုင်ငံများဖြစ်ကြောင်း ဦးသောင်းဝင်း၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ပေါင်းဆန် ထုတ်လုပ်မှုကို ဘိုကလေး၊ ကျိုက်လတ်၊ အိမ်မဲ ရှိ တန် ၅ဝ ကျ ပေါင်းဆန်စက် သုံးလုံးဖြင့် လည်ပတ်လျက်ရှိနေပြီး ၂ဝ၁၃ ခုနှစ်တွင် ပေါင်းဆန်စက် ၁ဝ လုံး၊ ၂ဝ၁၄ ခုနှစ်တွင် တနချိန် ်သောင်းချီ ထုတ်လုပ်နိုင် သည့် စက်များဖြင့် ထုတ်လုပ်ရန် အစီအစဉ် ရှိကြောင်း ဦးသောင်းဝင်း က ပြောသည်။

အရည်အသွေး ဦးစားပေး

လစဉ် ပုံမှန်တင်ပို့နိုင်မည့် ပမာဏကို ချိန်ဆ၍ ရေရှည်လုပ်ဆောင်နိုင်ရန် အာရုံပြုသင့်ပြီး အရည်အသွေးနှင့် အလုံးဆိုက် အရွယ်အစား တူညီရန်ကို အထူးဂရုပြုဖို့ လိုသည်ဟု ဆိုသည်။

“ပေါင်းဆန်ထဲ ပိုးအသေ ပါတဲ့အတွက် ကုန်တွေ အကုန် ပြန်ပို့ပေးလိုက်တဲ့ အခြေအနေမျိုး ရှိခဲ့ဖူးပါတယ်။ ပေါင်းထား တဲ့ စပါးမှာတော့ ပိုးမရှိဘူး။ ဒါပေမယ့် ချက်ချင်း မတင်ဖြစ်တဲ့အခါ ပိုးကောင် သေပြီးကပ်ပါသွား တယ်။ အထူး ဂရုစိုက်ဖို့လိုတယ်” ဟု ဦးသောင်းဝင်း က ပြောသည်။

“သီးထပ်ရင်က အကျိုးအကြေ များတယ်။ ရိုးရိုးဆန်အဖြစ် ထုတ်လုပ်လိုက်ရင် ဆန်ကွဲ ၂၅ ရာခိုင်နှုန်း ပါတဲ့ ၂၅ မှတ် ဆန် ဖြစ်သွားမယ်။ အဲဒီဆန်ကို တင်ပို့တယ်ဆိုရင် တတန်ကို ဒေါ်လာ ၃၃ဝ လောက် ရမယ်။ အဲ့စီစပါးမျိုးကိုပဲ
ပေါင်းဆန်ထုတ်လုပ်ရင် တတန်ကို ဒေါ်လာ ၅ဝ၅ လောက် ရတယ်” ဟု ရိုးရိုးဆန်ဖြူနှင့် ပေါင်းဆန်တို့ ထွက်နှုန်း တူသော်လည်း ရရှိသည့် စျေးကွာခြားမှုနှင့် ပတ်သက်ပြီး ဦးသောင်းဝင်း က ရှင်းပြသည်။

အခွင့်အလမ်း

ကမ္ဘာ့စျေးကွက်မှာ လတ်တလော အဝယ်လိုက်နေသော ပေါင်းဆန်ထုတ်လုပ်မှုက မြန်မာ ဆန်စက်သမားများ အတွက် ထွက်ပေါက်တခုအဖြစ် ရှု့မြင်ကြသည်။

ပေါင်းဆန်များ စျေးကွက်ဝင်လာသည်နှင့်အမျှ တောင်သူလယ်သမားတို့လည်း စပါးစျေး ပိုမိုရရှိလာစေမည် ဖြစ်သည်။

“တောင်သူလယ်သမားတွေ အတွက်လည်း အကျိုးဖြစ်မှု များပါတယ်။ ဘာလို့လဲဆိုရင် ပေါင်းဆန် ထုတ်နိုင်တဲ့အတွက် စျေးကောင်းရလာတော့ တောင်သူကိုလည်း စပါးစျေး ပိုပေးနိုင်လာတယ်” ဟု ပေါင်းဆန် ထုတ်လုပ်မှုတွင် ပါဝင် လုပ်ဆောင်လျက်ရှိသည့် ဘိုကလေးမြို့နယ် အခြေစိုက် အောင်ရတနာသန်း ဆန်စက်မှ ဦးသိန်းအောင်က ပြောသည်။

စပါးစျေးမှာ ရိုးရိုးဆန်ဖြူအတွက်ဆိုလျှင် ပေါင် ၅ဝ ကို ကျပ် ၃၈ဝ,ဝဝဝ ဝန်းကျင်သာ ရရှိပြီး ပေါင်းဆန်အတွက် ဆိုပါက ပေါင် ၅ဝ ဆိုလျှင် ကျပ်၄ဝဝ,ဝဝဝ အထက် ပေးဝယ်လျက်ရှိသည်။

နွေစပါးအတွက် အခြားစပါးများက စိုက်ချိန် လေးလခွဲ၊ ငါးလ ယူရခိုက် သီးထပ်ရင်မှာ သုံးလခွဲခန့်သာ ကြာမြင့် သဖြင့် တောင်သူအတွက် တွက်ခြေကိုက်သည်ဟု ဧရာဝတီတိုင်း ဘိုကလေးမြို့သား ဦးသိန်းအောင် က ပြောသည်။

စားသုံးသူများရော ထုတ်လုပ်ရောင်းချသူများပါ အကျိုးကျေးဇူး ပွားများစေမည့် ပေါင်းဆန် ထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံ၏ လူများစုဖြစ်သည် လယ်သမားများကို ဆင်းရဲတွင်းမှ ဆွဲထုတ်ရာမှာပဲဖြစြ်ဖစ်၊ စိုက်ပျိုးရေးကို အခြေခံ သည့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးသည့် ကဏ္ဍတရပ်ပဲဖြစ်ဖြစ်၊ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရာ စီးပွားရေး လုပ်ငန်းတခုပဲဖြစ်ဖြစ် အနာဂတ်မှာ ပိုမိုဖွံ့ဖြိုးရန် အလေးထားရမည့် လုပ်ငန်းနယ်ပယ် တခု ဖြစ်ပါကြောင်း…။   ။