ပုသိမ်တွင် ရေကြီး၍ ကျောင်း ၄၁ ကျောင်းပိတ်ထားရ

ပုသိမ်တွင် ရေကြီး၍ ကျောင်း ၄၁ ကျောင်းပိတ်ထားရ
by -
မဇ္စျိမ

ရေကြီးဒဏ်ခံနေရသော ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှ စာသင်ကျောင်း ၄၁ ကျောင်းကို ဗုဒ္ဒဟူးနေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု မြို့နယ်ပညာရေးမှုး ဦးကြင်သောင်းက မဇ္စျိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။

“ကျောင်းကို ရေထဲက ဖြတ်လာရတာဆိုတော့ ကလေးတွေမှာ အန္တရာယ်ရှိနိုင်တာရယ်၊ လှေနဲ့လာရတဲ့ ကုန်ကျစရိတ်တွေ များလာနိုင်တယ်” ဟု သူက ပြောသည်။

ပိတ်လိုက်ရသော ကျောင်းအများစုသည် မူလတန်းကျောင်းများ ဖြစ်ကြပြီး အထက်တန်းနှင့် အလယ်တန်း ကျောင်း ငါးကျောင်းခန့်လည်း ပါဝင်သည်ဟု အဆိုပါ မြို့နယ်ပညာရေးမှုးက ဆိုသည်။

ပုသိမ်မြို့ခံများ၏ အဆိုအရ ကျောင်းများကို မည်သည့်အချိန်တွင် ပြန်လည် ဖွင့်လှစ်မည်ကို မကြေငြာထားဘဲ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်ပြီး ကျောင်းပြန်ဖွင့်မည့်နေ့ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးများက ပြန်လည်ကြေငြာပေးမည်ဟု သိရသည်။

ပုသိမ်မြို့နယ်တွင်ရပ်ကွက် ၁၅ ခုရှိသည့်အနက် ရပ်ကွက်သုံးခုလောက်သာ ရေဘေးမှလွတ်ကြောင်း ယင်းမြို့ တွင်ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ကိုသက်နောင် က မဇ္စျိမကို ပြောသည်။

ပုသိမ်မြို့နယ် ပညာရေးမှုး ဦးကြင်သောင်းက ဒေသ အခြေအနေအရ ကျောင်းများကို ပိတ်ထားရသော်လည်း
ကျောင်းတက်နောက်ကျသွားသည့် ကျောင်းသားများကို ပြန်လည် စာသင်ကြားသည့် အစီအစဉ်ရှိပြီး ဖြစ်သည်ဟု ဆိုသည်။

ပုသိမ်မြို့၏ မြေနိမ့်သော ရပ်ကွက်များရှိ နေအိမ်များသည် ရေနစ်မြုပ်မှု ကြံုတွေ့လာနေရကြောင်း ရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်နေသူ ကိုသက်နောင် က ဆိုသည်။

Most read this week