ဩဇာပေး ငြိမ်းချမ်းရေး ထာဝရငြိမ်းချမ်းရေးဖြစ်မလာနိုင်

ဩဇာပေး ငြိမ်းချမ်းရေး ထာဝရငြိမ်းချမ်းရေးဖြစ်မလာနိုင်
by -
သျှမ်းသံတော်ဆင့်

အခုလ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ UPWC အတွင်း ပထမ အကြိမ် အစည်းအဝေးမှာ ဥက္ကဌအဖြစ်ထမ်းဆောင်ရသော ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းက မေလ ၁၉ ရက် မှာ ထုတ်ပြန်ကြေငြာချက်ဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းစဉ်အဆင့် ၃ ဆင့်ကိုလုပ်ဆောင်သွားဖို့ဘဲ ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း
သမ္မတက မတ်လ ၁ ရက်နေ့ လွှတ်တော်ထဲမှာပြောပြီးနောက် မေလ ၁၉ ရက်နေ့မှာ အစိုးရပိုင်မြန်မာ့အလင်း သတင်းစာကနေ ဖော်ပြခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်အဆင့် ၃ ဆင့် ကတော့ ၁- ပြည်နယ်အဆင့် ဆွေးနွေးခြင်း၊ ၂-ပြည်ထောင်စုအဆင့်ဆွေးနွေးခြင်းနဲ့ ၃- ပြည်ထောင်စုလွှတ်တော်အဆင့် ဆွေးနွေးခြင်းဆိုတဲ့ အချက်  တွေဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်လုပ်ငန်းစဉ်ရဲ့ ပထမအဆင့်မှာ - အပစ်ရပ်ရေး၊ သတ်မှတ်ထားတဲ့နယ်မြေထဲမှာဘဲလှုပ်ရှား ရေး့၊ ဆက်ဆံရေးရုံးဖွင့်ဖို့၊ သတ်မှတ်နယ်မြေကနေထွက်ရင် လက်နက်မကိုင်ဆောင်ဖို့ စတာတွေပါတယ်။

ဒုတိယအဆင့်ကြတော့- ပြည်ထောင်စုကနေမခွဲထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကိုလက်ခံဖို့၊ ဖွံ့ဖြိုးရေးနဲ့ စီးပွါးရေးလုပ်ငန်း တွေကို လက်တွဲလုပ်ဆောင်ဖို့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာလက်တွဲဖို့၊ နိုင်ငံရေးပါတီ ထောင်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံဖို့( ပြင်ချင်ရင် လွှတ်တော်ထဲမှာပြင်)၊ ထာဝရ ငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်း ဝင်ပြီး အခြေခံဥပဒေနှင့်အညီ သွားလာနေထိုင်စားသောက်ခြင်း  ၊ နိုင်ငံတခုမှာ စစ်တပ်တခုသာရှိရမယ်ဆိုတဲ့ ဥပဒေကိုလက်ခံဖို့ နဲ့ တခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းသို့ အသွင်ကူးပြောင်းခြင်း အစရှိတာတွေပါဝင်တယ်။

တတိယအဆင့်ကျတော့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမယ်။ ပြီးရင်လွှတ်တော်ထဲမှာ လက်မှတ်ရေးထိုးရမယ် စတာတွေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျူလိုင် ၂၂ ရက်နေ့တုန်းက ဦးအောင်မင်းကနေ နိုင်ငံရေးပါတီ ၁၄ ခုနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ပါဝင်ကူညီဖို့အတွက် တိုက်တွန်းတယ်။  တွေ့ဆုံပွဲမှာပါဝင်တဲ့ သျှမ်းခေါင်း ဆောင်ခွန်ထွန်းဦး ကနေပြီးတော့ - ပြည်ထောင်စုအဆင့် လုပ်ငန်းစဉ် ၈ ရပ်မှာ ၁ အချက်ကနေ ၄ အထိ အများစုကလက်ခံနိုင်တယ်။ ၅ ကနေ ၈ အထိက အများစုလိုချင်နေတာက လွှတ်တော်ပြင်ပမှာဖြစ်စေချင်တယ် လို့ပြောတယ်။ ဦးအောင်မင်းက - ဥပဒေထဲက ပြထားတဲ့အတိုင်း လုံးဝဥဿုံလုပ်ဖို့မဟုတ်ပါဘူး။ တချို့တလေအတွက်ကို ဆွေးနွေးပြီးပြင်ဆင်သွားလို့ရပါတယ်လို့ ပြောတယ်။

အဲဒီနေ့မှာဘဲ လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ကို ကိုယ်စားပြုတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကလည်း ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့တယ်။ အချက် ရ ချက်ပါဝင်တယ်။

(၁) နှစ်ဦးနှစ်ဘက် ဩဇာအာဏာလွှမ်းမိုးမှုမရှိတဲ့ ကြားနေရာတခုခုမှာ ဆွေးနွေးဖို့၊
(၂) နိုင်ငံတကာကနေ သက်သေအဖြစ်လာရောက်စောင့်ကြည့်နားထောင်ပေးဖို့၊
(၃) အစိုးရက အပစ်ရပ်အဖွဲ့ရော မရပ်သေးတဲ့အဖွဲ့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စား လှယ်များနှင့် တွေ့ဆုံ့ဆွေးနွေးဖို့ ၊
(၄) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ လက်နက်မကိုင်တဲ့တိုင်းရင်းသားနိုင်ငံရေးပါတီလူထုအခြေခံအဖွဲ့အစည်းတွေကြား ညီလာခံ လုပ်ခွင့်ရှိဖို့ ၊
(၅) တိုင်းရင်းသားအင်အားစု ၊ ဒီမိုကရေစီရေးအင်အားစု နဲ့အစိုးရ ၃ ဘက် ၃ တန်က ကိုယ်စားလှယ် အညီအမျှပါဝင်တဲ့ ညီလာခံ တခုကျင်းပဖို့၊
(၆) သုံးဘက်သုံးတန်တွေ့ဆုံမှုကနေ ရလာတဲ့ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာက အကောင်အထည်ဖော်ဖို့။
(၇) ဒီငြိမ်းချမ်းရေးပရောဆက်ကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်အပြီးလုပ်ဖို့။ စသည်တို့ဖြစ်ပါတယ်။

ပြန်လည်သုံးသပ်ကြည့်ရင် ဒီလိုမြင်ရပါမယ်။ ၁- လွှတ်တော်ပြင်ပမှာ ခင်းကျင်းရမယ်။ ၂- နေပြည်တော်အစိုးရ ဘက်က လိုအပ်ချက်ချည်း မဖြစ်စေရအောင် နိုင်ငံတကာကနေ စောင့်ကြည့်ပေးဖို့လိုအပ်တာဖြစ်တယ်။ ၃- နိုင်ငံရေးဆွေးနွေးရာမှာ ကချင်မြောက်ရေးအဖွဲ့ချုပ် KIO ပါဝင်ဖို့လိုတယ်။ ၄- တိုင်းရင်းသားတွေကြား ညီလာခံတရပ်ကျင်းပပြီး သဘောတူညီချက် တခုရ အောင် ဆွေးနွေးခွင့်ပေးဖို့လိုတယ်။ ၅-  ၁၉၉၄ ယူအဲန် ဆုံးဖြတ်ချက် ဖြစ်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်အောင်လုပ် ရမယ်။ ၆- သဘောတူညီချက်တွေကို လွှတ်တော်ထဲမှာ သွားပြီး ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ စတာတွေပါဝင်တယ်။

KIO  ကိစ္စနဲ့ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံမဲဆောက်ကို  ၅/၈/၂၀၁၂ မှာရောက်လာတဲ့ ငြိမ်းချမ်းရေးဖော် ဆောင်ရေး ကော်မတီ ဒု-ဥက္ကဌ  ၂ ဦးအောင်မင်းကပြောတယ်။ UNFC နဲ့ ယခုနှစ်ဒီဇင်ဘာလနောက်ဆုံး အပတ်မှာ တွေ့နိုင်အောင်ကြိုး စားမယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ KIO လည်း ပါဝင်ရမယ်တဲ့။

ဒါကိုကြည့်ရင် အစိုးရဖက်က လျှော့ပေးသယောင်ရှိနေပေမယ့် ဘာကြောင့်ခုကတည်းက UNFC နဲ့ မတွေ့သေးဘဲ ဘာကြောင့် နောက်လေးလမှ တွေ့ဖို့စီစဉ်တာလဲဆိုတာ စဉ်းစားစရာဘဲ။

ဘာဘဲဖြစ်ဖြစ် ဦးအောင်မင်းကပြောတာကတော့ ကျနော်တို့လုပ်နေတဲ့လမ်းစဉ်တွေဟာ ပြင်လို့မရတာ မဟုတ်ပါဘူး။ ဆွေးနွေးပြီးတော့ ပြင်ဆင်လဲရပါတယ် လို့ပြောတယ်။ ဆွေးနွေးပြီးပြင်ဆင်ရင်တော့ အစိုးရဖက်ကလည်း သူ့ဆန္ဒတခု တည်းလိုချင်တာ မဟုတ်တော့ဘူး တိုင်းရင်းသားဖက်ကလည်းအဲလိုဘဲ။ Give and Take အပေးအယူ သဘောမျိုးဖြစ်သွားတယ်။

ဒီ ၁၂ ရက်နေ့ UPWC ကော်မတီ အစည်းအဝေးမှာ ဥက္ကဌ ဒေါက်တာစိုင်းမောက်ခမ်းပြောသွားသလိုမျိုးပေါ့။ နိုင်ငံတော်၏ ကံကြမ္မာသည် ငြိမ်းချမ်းရေးရရှိမှု၊ မရရှိမှုအပေါ်တွင် လုံးဝ မူတည်နေသောသဘောပါရှိနေ သည့်အတွက် ငြိမ်းချမ်းရေး ကိုမည်သို့ပင်ဖြစ်စေ ရအောင်ယူမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမှလွဲပြီး အခြားရွေးစရာလမ်းမရှိဖြစ်နေပါကြောင်း- ပြောသွားတယ်။

ဒါကိုကြည့်ရင် အစိုးရဟာ ငြိမ်းချမ်းရေးအတွက် ဘယ်နည်းသုံးရသုံးရ၊ ဘယ်လောက်ဘဲလျှော့ရလျှော့ရ သူတို့ရအောင်လုပ် မှာဘဲ လို့အဓိပ္ပါယ်ထွက်နေတယ်။

နောက်တခု ဒု-သမ္မတ ပြောသွားတာက ငြိမ်းချမ်းရေးဟာ နိုင်ငံတော်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက်အချိုးကျ နေတယ်။ လက်နက်ကိုင်ပဋိပက္ခများတဲ့နိုင်ငံဟာ စီးပွါးရေးချွတ်ခြုံကျမှုတွေနဲ့ရင် ဆိုင်နေရတာတွေ့ရတယ်လို့ ပြောတယ်။ဒါကြောင့် ငြိမ်းချမ်းရေးဟာ နိုင်ငံတနိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။

အစိုးရဟာ သူပြောတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့ အကောင်းဘက်ကိုဦးတည်လာမယ်လို့ ယုံကြည်ပါတယ်။ သို့မဟုတ်ဘဲ  Give and Take (အပေးအယူ) ကိုယ်တချို့ပေးကိုယ်တချို့ယူနည်းမကျင့်သုံးဘဲ  မင်းပေးငါယူဆိုတဲ့သဘောနဲ့ သွားရင် တော့ ထာဝရ ငြိမ်းချမ်းရေး ဆိုတာ ရမှာမဟုတ်တော့ဘူး။ လက်နက်ကိုင်တိုက်ခိုက်တဲ့ လမ်းကိုဘဲ ပြန်သွားမှာ မလွဲဘူး။ Vicious Circle သံသရာဝဲဩဃ လိုလည်ပတ်နေဦးမှာဘဲလို့ မြင်ပါတယ်။

၁၂ ရက်က အစည်းအဝေးမှာ UPWC ကော်မတီရဲ့ ဥက္ကဌ နိုင်ငံတော် ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ ဒုဥက္ကဌ ၁ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဒု-ဥက္ကဌ ၂ မီးရထားဝန်ကြီး ဦးအောင်မင်း၊ ဒု-ဥက္ကဌ ၃ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်၊ တိုင်းရင်းသားဖက်က ကော်မတီအဖွဲ့ဝင် ဝ အမျိုးသား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆိုင်ပေါင်းနပ်၊ ကရင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်၊ နာဂ တိုင်းရင်းသား ပြည်သူ့လွှတ်တော ကိုယ်စားလှယ် ဦးလှထွန်းတို့ပါဝင်တဲ့ အဖွဲ့ဝင် တွေတက်ရောက်ခဲ့တယ်လို့ မြန်မာ့အလင်း သတင်း စာ မှာဖော်ပြထားပါတယ်။