‘အမြုတေ စာနယ်ဇင်းကောင်စီ’ ဖွဲ့စည်း

‘အမြုတေ စာနယ်ဇင်းကောင်စီ’ ဖွဲ့စည်း
by -
မဇ္စျိမ

ဥပဒေပညာရှင်များ၊ စာပေပညာရှင်များ၊ စာရေးဆရာများ၊ စာနယ်ဇင်းသမားများ ပါဝင်သည့် ‘အမြုတေ စာနယ်ဇင်းကောင်စီ’ ကို သြဂုတ်လ ၉ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သောကြာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြပါရှိသည်။

press-council

“စာနယ်ဇင်းသမားများကို အကာအကွယ်ပေး နိုင်ရန်အတွက်လည်းကောင်း၊ စာနယ်ဇင်းကျင့်ဝတ်များ ပြုစု ရေးဆွဲရန် အတွက် လည်းကောင်း၊ အခြားသော စာနယ်ဇင်းဆိုင်ရာ ဝိရောဓိ ပြဿနာများ ပေါ်ပေါက်လာပါက စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းပေး နိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍” အဆိုပါကောင်စီကို ဖွဲ့စည်းရသည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးက အမိန့်အရ ကြေငြာစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုကောင်စီကို အဖွဲ့ဝင် ၂၀ ဖြင့်ဖွဲ့စည်းထားပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ကို တည်ဆဲ ဥပဒေနှင့်အညီ ထိန်းသိမ်း
စောင့်ရှောက်ရန်၊ စာနယ်ဇင်း သမားများ၏ ရေးသား ဟောပြော ဆောင်ရွက်မှုများသည် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအား မထိပါးအောင် ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ရန် စသည့် အချက် ၈ ချက်ကို တာဝန်ယူရမည်ဟုလည်း ဖေါ်ပြထားသည်။

ကောင်စီ၏ လုပ်ပိုင်ခွင့်များအနေဖြင့် စာနယ်ဇင်းလောက ဖွံ့ဖြိုးရေးကိစ္စရပ်များအတွက် လွတ်လပ်စွာဆောင်ရွက်ခြင်း၊ သတင်းရေးသားရာ၌ ဖြစ်ပွားလာသော ပဋိပက္ခများကို စေ့စပ်ညှိနှိုင်းပေးခြင်း၊ စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီ သော သတင်းသမားများအား ခေါ်ယူဆွေးနွေး ညှိနှိုင်းခြင်းနှင့် စာနယ်ဇင်းဆိုင်ရာကိစ္စရပ်များအတွက် အစိုးရသို့ အကြံပြုတင်ပြခြင်းစသည့် လုပ်ပိုင်ခွင့် ၁၁ ချက်ရှိကြောင်း တွေ့ရသည်။

ကောင်စီသည် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြုစုရေးဆွဲသည့် ပုံနှိပ်မီဒီယာ ဥပဒေ (မူကြမ်း)ကို လွှတ်တော်၌ အတည်ပြုပြီးနောက် ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသို့ တာဝန်လွှဲပြောင်းပေးအပ်ရမည်ဟုလည်း ဆိုသည်။

ဝန်ကြီးဌာနသည် ပုံနှိပ်မီဒီယာ ဥပဒေ (မူကြမ်း) ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး သြဂုတ်လ ဒုတိယပတ်တွင် သမ္မတရုံးသို့ တင်ပြမည်ဖြစ်ကာ ယခု ကျင်းပလျက်ရှိသည့် စတုတ္ထအကြိမ် လွှတ်တော်သို့ တင်ပြနိုင် ရန် စီစဉ်လျက်ရှိသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က ရေးသားထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန၏ အဆိုအရ ထုတ်ဝေလျက်ရှိသည့် သတင်းဂျာနယ် ၄၉ စောင်အနက် ၁၆ စောင်မှာ စာပေစိစစ်ရေး၏ မူဝါဒ စည်းမျဉ်း စည်းကမ်း တခုမဟုတ် တခုကို အပါတ်စဉ် ဖောက်ဖျက်နေကြသည်ဟု စွပ်စွဲထားသည်။