သတင်းဂျာနယ် သုံးပုံတပုံ စည်းကမ်း ဖောက်ဖျက်နေဟု စိစစ်ရေးဆို

သတင်းဂျာနယ် သုံးပုံတပုံ စည်းကမ်း ဖောက်ဖျက်နေဟု စိစစ်ရေးဆို
by -
မဇ္စျိမ

ပြည်တွင်းတွင် လက်ရှိ ထုတ်ဝေနေသည့် အပတ်စဉ်ထုတ် သတင်းဂျာနယ်များ၏ သုံးပုံတပုံမှာ စည်းမျဉ်း စည်းကမ်းများ ချိုးဖောက်နေကြသည်ဟု  တခုမဟုတ် တခုကို ဖောက်ဖျက်နေကြသည်ဟု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဆိုသည်။

သတင်းဂျာနယ် ၄၉ စောင်အနက် ၁၆ စောင်မှာ စာပေစိစစ်ရေး၏ မူဝါဒ စည်းမျဉ်း စည်းကမ်း တခုမဟုတ် တခုကို အပါတ်စဉ် ဖောက်ဖျက်နေကြသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က ရေးသား ထားသည်။

“ဦးတည်ရာလမ်းကြောင်း ပျောက်သွားခြင်းတဲ့လား” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် စိစစ်ရေးဌာန၏ အဆိုပါ
ဆောင်းပါးတွင် အပတ်စဉ်ထုတ် ဂျာနယ် နှစ်စောင် ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံရခြင်းအပေါ် ဝိုင်းဝန်းဝေဖန်မှုများ အား တုန့်ပြန်ရေးသားလိုက်ခြင်းလည်း ဖြစ်သည်။

“တရားလက်လွတ် အရေးယူမှု၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုကို နည်းမျိုးစုံဖြင့် ဟန့်တားခြင်း၊ ဒီမိုကရေစီစနစ်ကို တကယ်သွားနေတယ်ဆိုတာကို ပြန်ကြားရေး ဝန်ကြီးဌာနကော သိရဲ့လား” စသည့် ဝေဖန်ချက်များမှာ မှားယွင်းသည့် ဝေဖန်မှုများဟု ဆောင်းပါးက ဆိုသည်။

“အရေးယူမှုသည် ဒီမိုကရေစီစနစ်နှင့်အညီ လျှောက်လှမ်းနေသော အစိုးရ၏ ရည်မှန်းချက်နှင့် လုပ်ငန်းဆောင်တာများ ကို ရပ်တန့်စေရန်လည်းကောင်း၊ နောက်ကြောင်း ပြန်လှည့်ရန် လည်းကောင်း၊ လမ်းကြောင်းပျောက်စေရန် လည်းကောင်း စသဖြင့် ဝေဖန်စွပ်စွဲနေကြသော ဖြစ်ရပ်အခြေအနေမျိုး လုံးဝမဟုတ်ဟု အတိအလင်း ငြင်းဆိုလိုသည်” ဟု ဆောင်းပါးတွင် ရေးသားထားသည်။

စာပေစိစစ်ရေးဌာနသည် ဖြတ်တောက် အရေးယူခြင်းထက် စောင့်ကြည့် ပူးပေါင်းရေး မူဝါဒကို ကျင့်သလုံးလျက် ရှိနေသည်ဟုလည်း ဆောင်းပါးက ဆိုသည်။

ဇူလိုင် နောက်ဆုံးပတ်အတွင်း ထုတ်ဝေခွင့် ခေတ္တပိတ်ပင်ခံခဲ့ရသည့် ဂျာနယ်နှစ်စောင်ဖြစ်သည့် Envoy နှင့် The Voice ဂျာနယ်တို့သည် မေလနှင့် ဇွန်လများအတွင်း နောက်ဆုံးအဆင့် သတိပေးခံထားရသည့် ဂျာနယ်များဖြစ်ပြီး “ယင်း ဂျာနယ်နှစ်စောင်၏ စည်းကမ်း မလိုက်နာခဲ့ခြင်းအပေါ် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အခြားရွေးချယ်ရန် နည်းလမ်း မရှိတော့ဘဲ အရေးယူမှု ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်” ဟုလည်း ဖြေရှင်းထားသည်။

နိုင်ငံတကာ သတင်းများ၊ ဆင်းရဲသား ဘဝသရုပ်ဖေါ်၊ ဂမ္ဘီရဆိုင်ရာ ရေးသားချက်၊ ဌာနဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သော ရေးသားချက်များကို ရေးသားနိုင်ရန် တင်းကြပ်ထားသည့် စိစစစ်ရေးမူဝါဒများကို ၂ဝဝ၅ ခုနှစ် ဇွန်လအတွင်းကတည်းက လျော့ပေါ့ပေးခဲ့ပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

ထို့အပြင် ပုံနှိပ်မီဒီယာဥပဒေမူကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီးဖြစ်ကာ သြဂုတ်လ ဒုတိယပတ် တွင် သမ္မတရုံးသို့ တင်ပြမည်ဖြစ်ပြီး ယခု ကျင်းပလျက်ရှိသည့် လွှတ်တော်သို့ တင်ပြနိုင်ရန် စီစဉ်လျက်ရှိသည်ဟုလည်း
ရေးသားထားသည်။

(စာပေစိစစ်ရေးဌာန၏ ဆောင်းပါးအပြည့်အစုံဖတ်ရန် အောက်ပါလင့်ခ်ကို သွားပါ။) http://www.ministryofinformation.gov.mm/index.php/articles/622-2012-08-0...