နယ်ခြားစောင့်တပ်အဖြစ် လက်ခံရန် ‘မူ’ မရှိဟု ALP ပြော

နယ်ခြားစောင့်တပ်အဖြစ် လက်ခံရန် ‘မူ’ မရှိဟု ALP ပြော
by -
မဇ္စျိမ

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အနေဖြင့် နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သဘောထား မရှိကြောင်း ALP ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် က ပြောကြားလိုက်သည်။

ALP အား အင်အားတိုးချဲ့ကာ BGF တခုအဖြစ် ဖွဲ့စည်းပေးရန် ဝန်ကြီး ဦးအောင်မင်း က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့်တွေ့ဆုံစဉ် သဘောထား ပြုခဲ့သည့်အပေါ် ALP ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် က တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“အစိုးရ ဘက်က အခုအထိ ကျနော်တို့ကို ပြောတာဆိုတာ၊ ဆွေးနွေးတာ၊ ကမ်းလှမ်း လာတာမျိုး ဘာမှ မရှိသေးပါဘူး။ ကျနော်တို့ ပါတီရဲ့ သဘောထားက ရှင်းရှင်းလေးပါ။ နယ်ခြားစောင့်တပ် BGF ကို လက်ခံဖို့ မူ မရှိပါဘူး” ဟု မဇ္စျိမကို ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က ALD အတွင်းရေးမှူး ဦးမျိုးကျော် နှင့် ဇူလိုင်လကုန်ပိုင်းက တွေ့ဆုံစဉ် ALP နှင့်ပတ်သက်သည့် ၎င်း၏ သဘောထားကို ပြောကြားခဲ့ကြောင်း ပြည်တွင်း မီဒီယာတခု၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဦးမျိုးကျော်အား ကိုးကား၍ ဖော်ပြထားသည်။

ထိုကဲ့သို့ ဦးအောင်မင်း၏ သဘောထား ပြုသည့်အပေါ်လည်း မည်သို့မျှ သဘောထား မပေးလိုကြောင်း ခိုင်စိုးနိုင်အောင် က ပြောသည်။

ဧပြီလဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် ALP တွင် လက်နက်ကိုင် အင်အား ၅ဝဝ ခန့် ရှိပြီး စစ်တပ်နှင့် ပါတီဝင် စုစုပေါင်း အင်အားမှာ ၃,ဝဝဝ ခန့် ရှိသည်ဟု သိရသည်။

“ကျနော်တို့ အပစ်ရပ် သဘောတူတာကလည်း လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ဖို့ မဟုတ်ပါဘူး။ လက်နက်ကို ကိုယ့်လက်မှာ ကိုယ် ကိုင်ထားပါ။ အစိုးရနဲ့ ကျနော်တို့နဲ့ တိုင်းပြည် တိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆွေးနွေးကြမယ်။ အဲလို အခြေခံ အချက်တွေနဲ့ အပစ်ရပ်ကြတာပါ” ဟု ခိုင်စိုးနိုင်အောင် က ဆိုသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ပါဝင်သည့် လုပ်ငန်းစဉ်များကို ALP အနေနှင့် အကောင်အထည်
ဖော်ရန် ရှိသော်လည်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် ပြည်တွင်း ပဋိပက္ခများကြောင့် ကြန့်ကြာနေရသည်ဟု
ပြောသည်။

ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ RNDP မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကမူ ALP အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရန် လက်ခံပါက တိုင်းပြည်၏ အနောက်ဘက်မှ နိုင်ငံခြားသား တရားမဝင် ဝင်ရောက်လာမှုအား ကာကွယ်နိုင်မည်ဖြစ်ပြီး ဆက်ဆံရေးရုံး ထားရှိခြင်းထက် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

ရခိုင် ပြည်သူများအား အကာအကွယ် ပေးရေးနှင့်ပတ်သက်၍ စက်တင်္ဘာလတွင် ကျင်းပမည့် ဗဟိုကော်မတီတွင် အကျယ်တဝင့် ဆွေးနွေးမည်ဖြစ်ပြီး အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် သြဂုတ်လကုန် (သို့မဟုတ်) စက်တင်္ဘာ လဆန်း၌ တွေ့ဆုံရန် ရှိသည် ဟုလည်း ခိုင်စိုးနိုင်အောင်မှ မဇ္စျိမအား ပြောပါသည်။

ALP သည် ဧပြီလ ၅ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး အပါအဝင် ပဏာမ သဘောတူညီချက် ၅ ချက် လက်မှတ် ရေးထိုးခဲ့သည်။

ကျောက်တော်၊ ပလက်ဝ၊ စစ်တွေနှင့် ရခိုင်ပြည်နယ်ရှိ မြို့ကြီး များ၌ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံးများ ဖွင့်လှစ် သွားနိုင်ရန်လည်း ALP မှ စီစဉ်ထားကြောင်း သိရသည်။

ALP / ALA (ရခိုင်ပြည် လွတ်မြောက်ရေးတပ်)ကို ၁၉၇၃ ခုနှစ်တွင် စတင် တည်ထောင် ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ်စပ်နှင့် မြန်မာ-ထိုင်း နယ်စပ် တို့တွင် အခြေစိုက်လျက် ရှိသည်။