ကချင်ဒေသသို့ အစိုးရတပ်များ တိုးချဲ့နေရာယူထားကြရန် ဇူလိုင်လ ၂၆ ရက်နေ့က စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်သဘော ထိပ်သီး အစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က လမ်းညွှန်ချက် ပေးခဲ့ပြီး ဆိုင်ရာတပ် အသီးသီးသို့ ညွှန်ကြားချက် ပေးခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အတွင်းရေးမှူး ဦးလနန်မှ မဇ္စျိမကို ပြောကြားသွားသည်။
“အဲဒီ အစည်းအဝေးမှာ ဒေသ စစ်ဗျူဟာမှူးတွေလည်း ခေါ်ထားတယ်။ ကချင်ဒေသကို တပ်တွေ တိုးချဲ့နေရာယူထား ကြဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်။ ကျနော်တို့ ဗဟိုဌာနချုပ် အနီးတဝိုက်မှာလည်း တပ်ဖွဲ့တွေ တိုးချဲ့ချထားတာတွေ့ရပါတယ်။ တိုင်းမှူးကနေ ဗျူဟာမှူးတွေကို အဆင့်ဆင့် ဆက်လက် ညွှန်ကြားနေတယ်လို့ ထပ်သိရတယ်” ဟု ဦးလနန် က ပြောသည်။
အဆိုပါ စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်သဘော ထိပ်သီးအစည်းအဝေးကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ စစ်ရုံးတခု၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှာ ယခု၌ ကချင်ဒေသသို့ စစ်ဆင်နေသည့် တပ်များ အပါအဝင် မြောက်ပိုင်းတိုင်း၊ အနောက် မြောက်တိုင်း၊ အရှေ့ မြောက်တိုင်းတို့ အပါအဝင် စစ်တိုင်း သုံးတိုင်းအား တာဝန်ယူနေသည့် တပ်မတော် ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) မှူး တဦး ဖြစ်သည်ဟု ဆိုသည်။
ထိုတပ်ဖွဲ့များ တိုးချဲ့နေရာယူမှုသည် ကချင်ဒေသသို့ တိုးမြှင့် စစ်ဆင်ရေး ပြုရန် ဖြစ်နိုင်ဖွယ် ရှိသော်လည်း ရှေ့တန်း စစ်မျက်နှာတွင် ရောက်ရှိနေသည့် တပ်များမှာ တိုက်ခိုက်လိုဟန် သဘောထား ပြင်းထန်မှု မရှိကြောင်း ဦးလလန်မှ သုံးသပ် ပြောဆိုသည်။
“သူတို့တွေလည်း ရှေ့တန်းတွေမှာ ဒုက္ခတွေ အများကြီး ကြံုတွေ့ရတယ်။ နောက် ကျနော်တို့ သိထားရတာက မရှိတဲ့ တိုက်ပွဲတွေကိုလည်း အစိုးရ တပ်တွေက အထက်ကို သတင်း တင်နေတယ်လို့ ကျနော်တို့ ကြားရတယ်။ ဒါပေမယ့်လို့ ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ သူတို့တပ်တွေ တော်တော်များများ ဖြည့်တင်းထားတယ်။ စစ်ရေးအရ တင်းမာနေပေမယ့် တိုက်ပွဲကတော့ ပြင်းထန်မှု မရှိသေးဘူး။ နှစ်ဖက် တပ်တွေအကြား ပစ်ခတ်မှုတွေတော့ နေ့စဉ် ရှိနေပါတယ်” ဟု မဇ္စျိမကို ပြောသည်။
သို့သော်လည်း လာမည့် ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး Tomas Ojea Quintana မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိပြီး ကချင်ဒေသသို့လည်း သွားရောက်ရန် အစီအစဉ် ရှိသဖြင့် စစ်ဆင်ရေး လျော့နည်းနိုင်ဖွယ် ရှိသည်ဟု နယ်စပ် အခြေစိုက် နိုင်ငံရေး သမားများနှင့် စစ်ရေး အကဲခတ်များက သုံးသပ် နေကြသည်။
ထိုအချက်အား ဦးလနန်က “ သူလာ ရင်လည်း မြစ်ကြီးနားလောက်ပဲ ရောက်မှာပါ။ ကျနော်တို့ ရှေ့တန်း စစ်မျက်နှာနဲ့ ဌာနချုပ် လိုင်ဇာထိ လာနိုင်မယ် မထင်ပါဘူး။ ဒီတော့ စစ်ဆင်ရေးတွေ လျော့သွားမယ် ဆိုတာတော့ မဟုတ်နိုင်လောက်ပါဘူး” ဟု ဆိုသည်။
KIO နှင့် အစိုးရတပ်တို့ ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည့် တနှစ်ကျော် ကာလအတွင်း KIO ထံတွင် အစိုးရတပ်မှ သုံပန်း ၄၀ နီးပါးခန့် ရှိပြီဟု သိရှိရသည်။
နှစ်ဖက် တပ်များ အကျအဆုံး နှင့် အဖမ်းအဆီး သုံ့ပန်း စာရင်းများကို ဒေသတည်ငြိမ်မှု မရှိသေးသဖြင့် အချက်အလက် အပြည့်အစုံဖြင့် တိတိကျကျ မစုဆောင်း နိုင်သေးပေ။ KIO ဘက်မှ လက်လှမ်း မီသလောက် ပြုစုထားသည့် စာရင်း များကိုလည်း သင့်တော်သည့် အချိန်တွင် ထုတ်ပြန်သွားမည်ဟု ဦးလနန် က ဆိုသည်။ တိုက်ပွဲအရေအတွက်နှင့်ပတ်သက်၍မူ ဇူလိုင်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ တိုက်ပွဲပေါင်း ၉၀ ကျော် ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။
စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံခြင်း နည်းလမ်းဖြင့် ဖြေရှင်းကြမှသာ ယခု ဖြစ်ပွားနေသည့် ကချင် ပြည်တွင်းစစ် အပါအဝင် တိုင်းရင်းသား အပစ်ရပ်များ၏ ရေရှည် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အာမခံချက် ပေးနိုင်မည် ဖြစ်ကြောင်း KIO ဘက်မှ သုံးသပ်ထားသည်။
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်၍ ကချင်အရေးကို အစိုးမှ မည်သို့ ကိုယ်တွယ်မည်မှာ အခရာကျသည့် အချက် ဖြစ်သည်ဟု နော်ဝေး အစိုးရမှ ကျောက်ထောက် နောက်ခံပြု၍ ဖွဲ့စည်းပေးထားသည့် Myanmar Peace Support Initiative (MPSI) မှ Ashley South က ပြောသည်။
“ကျနော်တို့ အနောက်ကမ္ဘာက မီဒီယာတွေမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ ဆွေးနွေးတာ ဖော်ပြလေ့ ရှိပါတယ်။ ဆိုတော့ အနောက်နိုင်ငံသားတွေ ဘာမြင်လဲဆိုတော့ မြန်မာ့ နိုင်ငံအရေး ပဋိပက္ခ ငြိမ်းချမ်းပြီလို့ ထင်နေကြတယ်။ ကျနော် မြင်တာကတော့ ဒီအပစ်အခတ် ရပ်စဲရေး တည်ဆောက်မှုဟာ အစိုးရနဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု တည်ဆောက်ရေးရဲ့ အစပဲ ရှိပါသေးတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရဲ့ အစပဲ ရှိပါသေးတယ်။ တိုင်းရင်းသားတွေ လိုချင်တာက ဥပဒေအရ အာမခံချက် ရှိတဲ့ စစ်မှန်တဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ပါ။ ဒါကို နိုင်ငံရေး နည်းလမ်းအရ အစိုးရနဲ့ ဆွေးနွေးကြတာပါ” ဟု Ashley South ပြောသည်။
ဇူလိုင်လ ၂၇ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် တနေရာ၌ ပြုလုပ်သည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပွဲ၌ မဇ္စျိမကို ပြောကြားသွားခြင်း ဖြစ်သည်။