မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာစစ်တပ်ဖက်က ဆန္ဒမပြင်းပြသဖြင့် အပစ်ရပ် ဆွေးနွေးပြီးသည့် တိုင်းရင်းသားတပ်ဖွဲ့များအပေါ် ယခုကဲ့သို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် နေခြင်းဖြစ်ကြောင်း သျှမ်းပြည် တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။
“ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတနဲ့အဖွဲ့က ကြိုးစားအားထုတ်နေသလောက် စစ်တပ်က အလေးမထားဘူး။ ကျနော် တို့ဟာ ကျနော်တို့ မိုင်းပူးလုံမှာ အေးအေးချမ်းချမ်းနေနေတယ်။ ဘယ်သူ့ကိုမှ သွားပြီးရန်မရှာပေမယ့် မြန်မာစစ်တပ် ခမရ ၃၆၀ က ကျနော်တို့ကို မနေ့က တမင်သက်သက် တက်တိုက်တယ်။ အပစ်ရပ်တယ်ဆိုပေမယ့် ခုထိ တိုက်ပွဲက ၂၅ ကြိမ်ထက်မနည်း ဖြစ်နေတုန်း။ ဒါကိုကြည့်ရင် မြန်မာအစိုးရရဲ့ စစ်တပ်က ပြောင်းလဲရေးအတွက် ဆန္ဒမရှိဘူး။ အရင်နည်း အတိုင်း အာဏာဆက်လက် ချုပ်ကိုင်တဲ့စနစ်ကို သုံးချင်နေတုန်းဘဲလို့ သုံးသပ်မိတယ်” ဟု သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်သို့ပြောသည်။
ထိုကဲ့သို့ အပစ်ရပ်ဆွေးနွေး ပြီးသော်လည်း တိုက်ပွဲမရပ်သေးသည်နှင့်ပတ်သက်၍ သမ္မတကြီးထံ သတိပေး အကြောင်းကြား စာပေးပို့ရန်စီစဉ်နေသည်ဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
“နောက်တခုကလဲ အခုလိုဆက်တိုက်ဖြစ်နေတာကိုကြည့်ခြင်းအားဖြင့် အောက်ခြေအဆင့်အမှား ဆိုတာမဖြစ် နိုင်တော့ဘူး။ အထက်ပိုင်းရဲ့ စီမံချက်ကြောင့် ဖြစ်တယ်လို့ ကျနော်ယူဆတယ်။ အခုလိုဆက်ဖြစ်နေဦးမယ် ဆိုရင် ကျနော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကိုထိခိုက်နိုင်မယ်။ ငြိမ်းချမ်းရေးဆိုတာ ပျက်စီးသွားရင် နောက်တခါပြန်လည်စကားပြောဖို့ခက်သွားပြီ။ ဒါတွင်မက ထာဝရ ငြိမ်းချမ်းရေးဆိုတာလဲမျှော်လင့်ချက်ရှိနိုင်မှာ မဟုတ်တဲ့အတွက် သမ္မတကြီးတို့ တာစူနေတဲ့ ၂၀၁၃ ဆီးဂိမ်းစ်တို့ ဘာတို့ ကိုလဲထိခိုက်လာနိုင်မယ်အစရှိတဲ့ အချက်တွေပါဝင်တဲ့စာ ပေးပို့မှာဖြစ်တယ် ” ဟု ဆိုပါသည်။
မြန်မာအစိုးရ၏စစ်တပ်သည် အပစ်ရပ် ငြိမ်းချမ်းရေးသဘောတူညီထားသည့် သျှမ်းပြည်တပ်မတော် တောင်ပိုင်း၊ မြောက် ပိုင်း နှင့် တိုက်ပွဲများ အကြိမ် ၂၀ ကျော်စီဆက်လက်ဖြစ်ပွါးနေသည့်အပြင်၊ မြန်မာစစ်တပ်က ဒေသခံတိုင်းရင်းသားများ အ ပေါ် ယခင်နည်းအတိုင်း ဆက်လက် အနိုင်ကျင့် ဖိနှိပ်နေမှုတို့ကြောင့် ထာဝရငြိမ်းချမ်းရေး ဖြစ်ပေါ်လာရန်လည်း လွယ်ကူ မည်မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးဆွေးနွေးမှုမရမှီစပ်ကြား လက်နက်ကိုင်တပ်ဖွဲ့များ အချင်းချင်းသည်းခံကာလက်တွဲ ကြရန်လိုအပ်ကြောင်း ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါသည်။