ဖမ်းဆီးခံထားရသော ဦးလထော် ဘရန်ရှောင်သည် ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်း သူ၏ ရှေ့နေ ဦးမာခါးက ပြောသည်။ တဆက်ထဲမှာပင် ထိန်းသိမ်းထားစဉ်တွင် စစ်ဘက်ဆိုင်ရာ လုံခြံုရေး တပ်ဖွဲ့ဝင် (စရဖ) များက နှိပ်စက်မှုပြုခဲ့သည်ဟုလည်း သူကစွပ်စွဲလိုက်သည်။
မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲဆိုခံနေရသော ကချင်အမျိုးသား ဦးလထော်ဘရန်ရှောင်၏ အမှုကို ဗုဒ္ဓဟူးနေ့က မြစ်ကြီးနားတရားရုံုးတွင် ပထမဆုံးကြားနာရာတွင် စိတ်ကျန်းမာရေးအတွက် ဆရာဝန်နှင့် ကုသခွင့်ပေး ရန်၊ နှိပ်စက်ခံထားရသည်ဆိုသော ဒဏ်ရာများကို တရားရုံးတွင် မှတ်တမ်းတင်ပေးရန်နှင့် တရားခံဘက်မှလည်း ဒဏ်ရာများကို မှတ်တမ်းတင်ခွင့် ပြုရန် တရားခံရှေ့နေဘက်က တောင်းခံခဲ့သည်။
တရားသူကြီး ဦးမြင့်ထူးက ဦးဘရန်ရှောင်၏ ဒဏ်ရာများကို တရားရုံးတွင် မှတ်တမ်းတင်ရန်ဆိုသည့်အချက် ကိုသာ လက်ခံခဲ့သည်။ “(လထော်) ဘရန်ရှောင်ကို ဆေးပါရဂူ ဆရာဝန်တဦးနဲ့ ဆေးကုသပေးဖို့ တောင်းတာ မပေးဘူး။ တရားရုံးကနေ မပေးနိုင်ဘူး။ ထောင်မှာဘဲ သွားပြောလိုက်ပါလို့ ပြောတယ်” ဟု ရှေ့နေ ဦးမာခါးက ပြောသည်။ တရားရုံးထုတ်ရာတွင် ဦးလထော်ဘရန်ရှောင်ကို လက်ထိတ်ခတ် ခေါ်လာသည်ကို တွေ့ရသည်။
ဇနီးသည်ဖြစ်သူ ဒေါ်ဇယ်ညွှန့်က “လူတိုင်းကို ကြောက်သလိုလို ဖြစ်သွားပြီ။ သူ့ကို ကြည့်ရတာ ဦးနှောက် နည်းနည်း လိုသွားပြီ ထင်တယ်။ … တရားရုံးမှာ ထိုင်နေတဲ့အချိန်မှာလည်း သူ့ဖာသာသူ ရီရီနေတယ်။ နောက်ပြီး အစာစားလို့ လည်းမရဘူး၊ အစာစားရင် လည်ချောင်းမှာ တအားနာတယ်လို့ ပြောပြတယ်”ဟု ပြောသည်။
သူက ဆက်လက်ပြီး “ပါးနှစ်ဖက်မှာ သံကို မီးဖုတ်ပြီး တို့ ပေးတယ်ထင်တယ်။ အဲဒီအမာရွတ်က နှစ်ဖက်စလုံး နီနေသေးတယ်။ ပေါင်နှစ်ဖက် စလုံးမှာလည်း ဓါးမြောင်နဲ့ ထိုးပြီးမှ မွှေထားတဲ့ ဒဏ်ရာလည်း တွေ့ရတယ်။” ဟု သူက ဆက်ပြောသည်။ ယနေ့ တရားခွင် တရားလိုပြသက်သေ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်အောင်မြသန်း အား စစ်ဆေးမေးမြန်းခဲ့သည်။
၎င်းတရားလို သက်သေက ဦးလထော်ဘရန်ရှောင်သည် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ ကချင်လွှတ်လပ်ရေး အဖွဲ့ KIO ဘက်မှ တပ်ကြပ်ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်သင်တန်းများ တက်ရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံထိ စစ်လက်နက်ပစ္စည်းများ သွားရောက် သယ်ယူခဲ့သည်ဟု ထွက်ဆိုသွားခဲ့သည်။
ဦးလထော်ဘရန်ရှောင်ကို မြစ်ကြီးနားမြို့ ထောင်ကြီးတွင် ချုပ်နှောင်ထားပြီး လာမည့် ဇူလိုင်လ ၁၆ ရက်နေ့မှာ ရုံးချိန်း ထပ်ပေးလိုက်သည်။
ဇွန်လ ၁၇ ရက်နေ့က ဦးလထော်ဘရန်ရှောင်ကို အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးနိုင် ဖမ်းဆီးခဲ့ပြီး နောက် စရဖ လက်ထဲလွဲပြောင်းခဲ့သည်။ ထို့နောက် ကချင်လွှတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဖြစ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နှင့် တရားစွဲဆိုခံထားရသည်။
ယခုလ ၆ ရက်နေ့က ဦးလထော်ဘရန်ရှောင်အား ခြွင်းချက်မရှိ လွှတ်ပေးရန် ့ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူပေါင်း ၁၀၀၀ ကျော်က မြစ်ကြီးနားမြို့တွင်စုဝေး တောင်းဆို ဆန္ဒပြခဲ့ကြသည်။