ကချင်မှာ ငြိမ်းချမ်းရေးလမ်းစ မြင်ပြီလို့ ကိုမြအေးပြော

ကချင်မှာ ငြိမ်းချမ်းရေးလမ်းစ မြင်ပြီလို့ ကိုမြအေးပြော
by -
မဇ္စျိမ

၈၈ မျိုးဆက်ကျောင်းသားများ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်သို့ သွားရောက် တွေ့ဆုံခဲ့ရာ ထူးခြားသည့် ခရီးစဉ်ဖြစ်ပြီး ငြိမ်းချမ်းရေး ရရှိနိုင်မည့် လမ်းစများ တွေ့မြင်ခဲ့သည်ဟု ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေးက ပြောသည်။

ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုစိုးထွန်း၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုထွန်းမြင့်အာင်၊ မနီနီလွင်နှင့် မစန်းစန်းမော်တို့ခြောက်ဦးသည် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် တွဲဘက်အတွင်းရေးမှူး ဦးလနန်တို့နှင့် လိုင်ဇာမြို့ ဌာနချုပ်တွင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကချင်စစ်ပြေး ဒုက္ခသည်များအတွက် ကျပ် ၉ဝ သိန်း သွားရောက်လှူဒါန်းခဲ့သည်။

လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ရေးအတွက် အခြေအနေများ သိရှိနိုင်ရန် KIO ဌာနချုပ် သို့ သွားခဲ့ လေ့လာရန်အတွက် သွားရောက်ခဲ့သူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးအား မဇ္စျိမသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်းခဲ့သည်။

KIO ခေါင်းဆောင်တွေထဲက ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့လဲရှင်။

“ကျနော် KIO ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုလုပ်တာ နှစ်ကြိမ်ပေါ့။ ၆ ရက်ညက ကျနော်တို့ လိုက်ဇာကို ရောက်တယ်။ ၆ ရက်နေ့ညမှာပဲ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် တွဲဖက်အတွင်းရေးမှူး ဦးလနန် တို့နဲ့ ကျနော် စကားပြောဖြစ်ပါ တယ်။ ရ ရက်နေ့ ညမှာ ထပ်ပြီးတော့ သူတို့နှစ်ယောက်နဲ့ ထပ်စကားပြောဖြစ်တယ်။ ဆွေးနွေးတာ နှစ်ကြိမ် ဆွေးနွေးဖြစ်ပါတယ်။”

အဓိက ဘာတွေ ဆွေးနွေးပြောဆို ဖြစ်ခဲ့လဲ။

“လက်ရှိ ဖြစ်ပွားနေတဲ့ စစ်မက်နဲ့ ပတ်သက်ပြီးတော့မှ ရပ်တန့်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့အခြေအနေမျိုး ကို KIO ရဲ့ သဘောထားကို သိချင်လို့ ကျနော် မေးမြန်းစုံစမ်းကြည့်တာပါ။ စစ်ရပ်တန့်အောင် လုပ်နိုင်မယ့် အခြေအနေတခုကို ရှာဖွေကြည့်တဲ့ သဘောပေါ့ဗျာ။”

KIO ဘက်ကကော ဘာတွေ ပြောပါသလဲ။

“အရမ်းကောင်းပါတယ်။ တိုးတက်တဲ့အခြေအနေတွေ အများကြီး ရှိပါတယ်။ တကယ်တမ်းကျတော့ KIO အနေနဲ့ စစ်ကို တိုက်ချင်တာ မဟုတ်ဘူး။ လက်ရှိ ဖြစ်နေတဲ့စစ်က ခုခံစစ်ကို ဆင်နွှဲနေတယ်ဆိုတဲ့ အကျိုးအကြောင်း ကျနော် သိခဲ့ရပါတယ်။ နောက်တခုက KIO အနေနဲ့ စစ်မက်ကို ဆွဲဆန့်ဖို့အတွက် ဆန္ဒမရှိပေါ့ဗျာ။ တရားမျှတမှု တခုအပေါ်မှာ တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ ကျနော် သိခဲ့ရပါတယ်။”

“ကျနော် ချုပ်ပြောရမယ်ဆိုရင် KIO အနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ နဲ့ အဆင့် သုံးဆင့်ရှိတယ်။ အဲဒီအစီအစဉ် အတိုင်း သွားချင်တယ်။ သို့သော်လည်းဘဲ ဒီအစီအစဉ်တွေကို KIO အနေနဲ့ ဆုပ်ကိုင်ထားခြင်း မရှိဘူး။ ဆွေးနွေး ညှိနှိုင်းမှုတွေ အပေါ်မှာ နှစ်ဖက် ညှိနှိုင်းလို့ရတဲ့ အခြေအနေတရပ်ကို ဖန်တီးချင်တယ်ဆိုတဲ့ ဆန္ဒကို ကျနော် ထင်ထင်ရှားရှား
တွေ့ခဲ့ရပါတယ်။ သိခဲ့ရပါတယ်။”

“နောက်တခုက အဓိက ပြောချင်တာက ၁၇ နှစ်တိတိ တဖက်နဲ့ တဖက် အပစ်အခတ် ရပ်စဲပြီးတော့တည် ဆောက်ခဲ့တဲ့ Trust building အခုအချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ပြိုကျပျက်ဆီးသွားပြီဗျ။ အဲတော့ ဒီ Trust building ကို ပြန်တည်ဆောက်ဖို့အတွက် KIO အနေနဲ့ကလည်း ဆန္ဒရှိနေပေမယ့် သံသယတော့ အများကြီးရှိနေတုန်းပဲ။”

အဲဒီ Trust building ပျက်သွားပြီဆိုတော့ တဘက်နဲ့တဘက် သံသယတွေ ဘယ်လို ဖျောက်နိုင်မလဲ။

“ဒီသံသယတွေ ဖျောက်ဖို့ဆိုတဲ့ဟာက နည်းနည်းလေး အချိန်ယူရမယ်လို့ ထင်ပါတယ်။ နှစ်ဖက် ငြိမ်းချမ်းရေး တကယ်လိုလားတဲ့ ဆန္ဒရှိမယ်ဆိုရင် သိပ်မကြာလို့ ကျနော်ထင်တယ်။ မျှော်လည်း မျှော်လင့်ပါတယ်။”

၈၈ ကျောင်းသားတွေအနေနဲ့ကော ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လို ဆက်လက် လုပ်ဆောင်သွားမှာလဲ။

“ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများကတော့ လက်ရှိ သွားနေတဲ့ ပေါ်လစီ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းဆိုတဲ့ ခေါင်းဆောင်အောက်မှာ ကျနော်တို့ မူဝါဒအရ သွားနေတာပဲလေ။ ကျနော်တို့အနေနဲ့ တိုင်းပြည် ငြိမ်းချမ်းမှု မရှိဘဲနဲ့ ဘာဒီမိုကရေစီမှ မရနိုင်ဘူးလို့ မြင်တယ်။  ငြိမ်းချမ်းဖို့ ရှိအောင် ဆိုတာငြိမ်း ချမ်းဖို့ ဆိုတာ တကယ် ကြားလို့ ကောင်းတဲ့ စကားလုံးဖြစ်တယ်။ ဒါပေမဲ ့တကယ့် ငြိမ်းချမ်းရေးတည် ဆောက်ဖို့ အတော်ခက်ပါတယ်။ တယောက်နဲ့ တယောက် စိတ်သဘောထားကြီးဖို့၊ ရင့်ကျက်မှုတွေ၊နောက် တခုက မြန်မာနိုင်ငံအတွင်း တန်းတူညီမျှမှု ရရှိဖို့ အခွင့်အရေး အခြေအနေ ဖန်တီးပေးနိုင်ဖို့ အခြေအနေအပေါ် မူတည်တယ်။”

“စစ်ဆိုတာ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ဖြစ်လာရတာကိုး။ ဒါကို စစ်စစ်မှန်မှန် တည်ဆောက်နိုင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာမယ်ဆိုရင် ဒီစစ်ကို ရပ်တန့်နိုင်ပါတယ်။ ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီရှင်သန်ဖို့ ငြိမ်းချမ်းရေး ရရှိမှာဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ထားတဲ့အတိုင်း ငြိမ်းချမ်းရေး ရရှိအောင် ကျနော်တို့ ကြိုးစားမှာ ဖြစ်တယ်။ ငြိမ်းချမး်ရေးဆိုတဲ့ နေရာမှာ အင်အားကြီးနဲ့လူက အင်အားငယ်တဲ့ လူကို ဖိထားတဲ ့ ငြိမ်းချမ်းရေးမျိုးမဟုတ်ဘဲ။ တန်းတူခြင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းအပေါ်မှာ အာမခံချက် ရှိတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်စေချင်ပါတယ်။”

နောက် စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဘာတွေ တွေ့ခဲ့ရလဲရှင်။

“လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ အကုန်လုံးကို ရောက်ခဲ့ပါတယ်။ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် စိတ်ချမ်းသာစရာ တခုမှ မတွေ့ဘူးလို့ ပြောရမှာဘဲဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေ အများကြီး၊ ဝမ်းပျက်ဝမ်းလျော ရောဂါတွေ ဖြစ်နေယ်။ ဆေးဝါးလိုအပ်နေတယ်။ စာဝတ်နေရေးလည်းလိုအပ် နေတယ်။ ပညာရေးတွေလည်း လိုအပ်နေတယ်။ အဲတော့ ဒါရှင်းပါတယ်ဗျာ စစ်ပြေးဒုက္ခသည်ဆိုမှတော့ ဘာတခုမှ ပြည့်စုံတယ်ဆိုတာ မရှိဘူးဗျာ။ KIO တွေ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးကလည်း တာဝန်ပြီး တတ်နိုင်သလောက် ကူညီနေတာပဲ။ ဒါပေမဲ့ စစ်ရှိနေ တမျှတော့ စစ်ပြေးဒုက္ခသည်ဆိုတာ ရှိနေမှာဘဲ။ ဒါကြောင့် ကျနော် တွေ့ရ မြင်ရတဲ့အခြေအနေတွေကတော့ စိတ်ချမ်းသာစရာ မရှိဘူးဗျ။”

စစ်ပြေးဒုက္ခသည်တွေနေထိုင် စားသောက်နေကြရပုံကို ပြောပြပေးပါ။

“စာသင်ခန်းမှာ ရှိရမဲ့ ကလေးလေးတွေ၊ နောက်တခါ မိဘ ရင်ခွင်မှာ နေရမဲ့ ကလေးတွေ၊ နို့ဗူးသောက်ရမဲ့ ကလေးလေးတွေ ဆိုလို့ ရှိရင်လည်း ဖြစ်သလို နေထိုင်နေရတယ်။ အိမ်တန်းလျား တခုမှာ အကောင်းဆုံး ဆိုတဲ့ နေရာမှာတောင်မှ သူတို့ စားနေရတယ်။ ဆန် ရတယ်။ ဂျုံနဲ့ အသီးအရွက်ပေါ့ဗျ။ တောင်ယာတွေမှာ သွားပြီး ခူးခတ် စားတာပေါ့နော်။ နေထိုင်တာတွေက ကျနော်မြင်တာက ၁၅ ပေ ၁၆ ပေလောက်ရှိတဲ့ တန်းလျားမှာ ၃ ခန်းဖွဲ့ထားတယ်။ တခန်းမှာ မိသားစုတစု၊ တန်းလျှားဆိုတာ သစ်သားနဲ့ လုပ်ထားတာ မဟုတ်ဘူး။ ဘေးကနေ သက်ကယ်တွေနဲ့ ကာထားတာ ရံထားတာကို ပြောတာ။ ဒါက အကောင်းဆုံး Camp တွေမှာ အဲဒီလို ရှိနေတယ်။”

“နောက်တခါ ကျနော်တို့ မှတ်တမ်းတွေအရ တွေ့ခဲ့ရတာက  တရုတ်ပြည်နဲ့ နယ်ခြားမှတ်တိုင် ၆ မှာ ရှိတဲ့ ဒုက္ခသည်တွေ ဆိုလို့ရှိရင် တော်တော်လေး ဒုက္ခရောက်နေတယ်။ အဲဒီမှာက အရမ်းလည်း အေးတယ်။ တရုတ်ပြည်ဘက်ကလည်း လက်မခံဘူးဆိုတဲ့ အပိုင်းတွေလည်း ကြားရတယ်။”

တရုတ်ဘက်ရောက် စစ်ပြေးဒုက္ခသည်တွေ အခြေအနေကိုလည်း ပြောပြပေးပါဦး။

“အဲဒီဘက်မှာက ကားလမ်းဘေးမှာကို တရုတ်ပြည်ကလည်း အများကြီး ဝင်လာရင် လက်မခံဘူး။ ဒါကြောင့် အမိုးအကာမဲ့ပြီးတော့ လမ်းဘေးမှာ ဖြစ်သလို တဲထိုးပြီးတော့ နေရတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော ကူညီဖို့ လိုမယ်လို့ ကျနော်မြင်တယ်။ မဟုတ်ရင် အဲဒီဒုက္ခသည်တွေရဲ အနာဂတ်က တွေးဝံ့စရာ မရှိဘူးခင်ဗျ။”

ဒီလို ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အကိုတို့ ၈၈ အနေနဲ့ကကော ဘာတွေ လုပ်ဖို့ရှိပါသလဲ။

“ကျနော်တို့က စစ်ရပ်သွားအောင် အကောင်းဆုံးအဖြေတခု ရှာနိုင်အောင် ကြိုးစားပါ့မယ်။ ဒုက္ခသည်တွေနဲ့ ပတ်သက် လို့ ဘယ်လို ပံ့ပိုးကူညီမယ်ဆိုတဲ့အပိုင်း၊ ပံ့ပိုးကူညီမဲ့သူတွေကို တွန်းအားပေးသွားမယ်။”

ခုလို စစ်ပြေးဒုက္ခသည်တွေကို ကိုယ်တိုင် မြင်ရတော့ ဘယ်လိုမျိုး ခံစားရလဲ။

“ကျနော် အပျော်ခရီးထွက်တာမဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ စစ်ရှိနေတယ်။ စစ်ကြောင့် ဒုက္ခရောက်နေ တယ်ဆိုတာ သဘောတရားအရ သိထားပြီးပြီ။ ခုတော့ လက်တွေ့ မြင်ရပြီ၊ ကျနော်တို့နဲ့ ညီအစ်ကို မောင်နှမ အရင်းအချာတွေပေါ့ ဗျာ။ စစ်ထဲမှာ ပူပင်သောကတွေနဲ့ နေနေရတယ်။ စစ်ထဲမှာရှင်သန်နေထိုင်နေရတယ် ဆိုတာ ကောင်းမှ မကောင်းတာ။ ဒါတွေကို လက်တွေ့ကျကျ မြင်ခဲ့ရတယ်။”

“ဒါကြောင့် နိုင်ငံရေး ပဋိပက္ခကြောင့် ဖြစ်တဲ့အတွက် နိုင်ငံရေး စာပွဲခုံပေါ်ကို ရောက်လာအောင် ကျနော်တို့ အားလုံး ဝိုင်းဝန်းကြိုးစားရမယ်။ ဒီနေရာမှာ အစိုးရ အဓိကကျပါတယ်။ ငြိမ်းချမ်းရေးလိုလားတဲ့ လူတိုင်း ဝိုင်းဝန်းပြီးတော့ အဖြေ တခုရလာမှာပါ။ တခုမျော်လင့်စရာကောင်းတာက ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အားရ မိတဲ့အချက်က ငြိမ်းချမ်းရေး ရနိုင်တယ်ဆိုတဲ ့လမ်းစတွေ ကျနော် မြင်လာတယ်။ တချို့ ပြောလို့ မရသေးတဲ့ကိစ္စတွေ ရှိပါသေးတယ်။”

ခရီးစဉ်ကို အနှစ်ချုပ်သုံးသပ်လိုရင် ဘယ်လိုရှိနိုင်မလဲ။

“အဓိက ဒီခရီးစဉ်မှာ KIO အနေနဲ့က ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒါပေမဲ ့စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တရားမျှတမှု ရှိတဲ့ ငြိမ်းချမ်းရေး၊ အာမခံချက် ရှိတဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအခွင့်အရေးကို ဖော်ဆောင်ပေးနိုင်တဲ့ ငြိမ်းချမ်းရေးကို လိုလားတာပေါ့နော်။ စစ်ကို တိုက်ချင်လို့ တိုက်နေတာ မဟုတ်ဘူးဆိုတဲ့ အဖွဲ့နဲ့ အစိုးရအနေနဲ့ ပြန်စဉ်းစားစေချင်တယ်။ မျှမျှတတ အဖြေတခုကို ရှာနိုင်မယ်လို့ ကျနော်မျော်လင့်တယ်။ တိုးတက်တဲ့ အခြေအနေ ရှိတယ်လို့ မြင်တယ်။ အဲဒါကြောင့်ဖို့ ဒီခရီးစဉ်က ထူးခြားတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ကျနော် မြင်တယ်။ ကျနော်တို့ မျော်လင့်တဲ့ စစ်မဲ့ ငြိမ်းချမ်းရေးဖြစ်အောင် မရရအောင် လုပ်မှာပဲ။ ရလာမယ်လို့ ကျနော် ယုံကြည်တယ်။ ကျနော် ပြောပြနိုင်တာ ဒီလောက်ပဲ။ တွေ့ဆုံမှုတွေက ဒီထက် ပိုနက်ရှိုင်းပါတယ်။”

Most read this week