သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကောင်းဝိန်းရွာအနီးရှိ အေးရှားဝေါလ်ကုမ္ပဏီ တိုးလ်ဂိတ်တွင် ယမန်နေ့ နံနက် ၉ နာရီကျော်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။
၄င်းနေ့နံနက် ရ နာရီခွဲခန့်က အဆိုပါဂိတ်အတွင်း မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးတွေ့ရှိခဲ့ပြီး နောက်ထပ် နှစ်နာရီခန့် အကြာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“မနက် ရ နာရီခွဲလောက်က မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးအရင်တွေ့တာပေါ့၊ ရဲကသွားပြီး ဗုံးတွေကို သွားရှင်းလင်း လိုက်တယ် ၊ နောက်နှစ်နာရီလောက်မှာ ကျန်တဲ့ဗုံးတစ်လုံး ထပေါက်ကွဲတာ၊ ဒဏ်ရာကသိပ် အပြင်းတော့ မဟုတ်ဘူး၊ ခေါင်းနဲ့ လက်မှာ ရှပ်ပြီးထိသွားတယ် ” ဟု သူက ဆိုသည် ။
အဆိုပါ ဗုံးထောင်သည့် လက်သည်မှာ မည်သူ ဖြစ်သည်ကို သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားစုံစမ်း၍ မရရှိပေ ။
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်း၌ KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဆက်ဖြစ်နေချိန်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ယခုလ ၂ ရက်နေ့က ကြူကုတ် - ပန်ဆိုင်းမြို့နယ် ရီခူးရွာအနီး KIA နှင့် အစိုးရတပ် ခလရ ၁၄၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၄င်းတိုက်ပွဲ အတွင်း ခလရ ၁၄၁ မှ တပ်ရင်းမှူး ကျဆုံးသွားကြောင်း ကချင်သတင်း မီဒီယာများတွင် ကချင်ဘာသာဖြင့် ရေးသားထားသည်။