သျှမ်းပြည်တပ်မတော် SSPP/SSA အားတိုက်ခိုက်နေမှုမှရပ်တန့်ရန် ဂျွန်လနှောင်းပိုင်းက အစိုးရစစ်တပ်ထံ သမ္မတကြီးဦးသိန်းစိန်ညွှန်ကြားထားပြီးဖြစ်သော်လည်း ယနေ့မနက်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု ဆက်လက် ဖြစ်ပွားနေသေးကြောင်း သျှမ်းပြည်တပ်မတော်၏ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
“ဂျွန်လနှောင်းပိုင်းက ကျနော်တို့ကို ၄-၅ ရက်ဆက်တိုက် အစိုးရတပ်အင်အားသုံးတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ ကျနော်တို့ မန္တလေးသွားပြီး အစိုးရ ကိုယ်စားလှယ်တော် ဦးသိန်းဇော်နဲ့တွေ့တယ်။ သမ္မဆီကိုလည်း စာရေးတယ်။ ဦးသိန်းဇော်ကနေတဆင့်သိရတာက ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်တန့်ပေးဖို့ သမ္မတကြီးကနေ ညွှန်ကြားပြီးပြီ လို့ ဆိုတယ်။ ဒါပေမယ့် ကျနော်တို့ ပြန်ရောက်တဲ့နေ့ ဂျွန် ၃၀ ရက်နေ့မှာဘဲ ကျနော်တို့ကို အစိုးရတပ် က ပြန်တိုက်နေပြီ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
မြန်မာအစိုးရတပ် (ရလခ - ခိုလမ် အခြေစိုက်) အရှေ့အလယ်ပိုင်းတိုင်း နှင့် လားရှိုးအခြေစိုက် ရမခ အရှေ့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အင်အား ၁၀ ရင်းကပူးပေါင်း၍ သျှမ်းပြည်တပ်မတော် SSPP/ SSA အား တိုက်ခိုက်နေကြောင်း၊ ယမန်နေ့နှင့် ယနေ့အထိ မြန်မာအစိုးရတပ်မှ ၈၁ မမ၊ ၈၂ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် SSPP/SSA ၏ ကောင်းမိုက်ဟုန်း တပ်စခန်းအားပစ်ခတ်နေကြောင်း၊ ဓါတုလက်နက် ဟု ယူဆသည့် ဗုံးများလည်းပါကြောင်း၊ အဆိုပါလက်နက်ကြောင့် သျှမ်းတပ်သားနှစ်ဦး ယမ်းငွေ့ရှူရှိုက်မိ သောကြောင့် မူးဝေအော့အံပြီးသတိလစ်သွားကြောင်း၊ တောင်သူလယ်သမားများ လယ်ယာဆင်းသည့် ကာလဖြစ်သောကြောင့် တရားဝင် ငြိမ်းချမ်းရေးသဘောတူလက်မှတ်ရေးထိုးထားသည့် သျှမ်းတပ်ဖွဲ့ အနေဖြင့် အပစ်ရပ်ပေး ရန် သမ္မကြီးထံ ဒုတိယအကြိမ် ထပ်မံစာရေး တင်ပြထားကြောင်း ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
“ဂျွန် ၃၀ ရက်နေ့ နဲ့ ၁ ရက်နေ့တုန်းကဘဲ ကျနော်တို့ဘက်က ပြန်လည်ခုခံတိုက်ခိုက်တာ။ မနေ့ကနေ ကနေ့ အထိတော့ သူတို့ကလူအင်အားမသုံးဘူး။ အဝေးကနေ လက်နက်ကြီးနဲ့ဘဲလှမ်းထုတာ၊ မနေ့တုန်းက အလုံး ၅၀ ကျော်တယ်၊ ဝေးတော့ ကျနော်တို့လဲ ပြန်လည်ခုခံတိုက်ခိုက်တာတွေ မလုပ်ဘူး။ ကျနော်တို့က အပစ်ရပ် ထားတဲ့အဖွဲ့ပဲ။ လူထုလဲ စိုက်ပျိုးချိန်လေ၊ မစိုက်ပျိုးနိုင်ဘဲထွက်ပြေးနေ ရတယ်။ အဲဒါမျိုး ဆက်မဖြစ် ချင်လို့ ကျနော်တို့ခေါင်းဆောင်တွေဆွေးနွေးပြီး မနေ့က သမ္မတကြီးဆီ ဒုတိယအကြိမ် စာထပ်ရေးတယ်။ ကျနော်တို့ ဆက်သွယ်မေးမြန်းချက်အရတော့ ဒီမနက်ပိုင်း အစိုးရနဲ့ တပ်ဘက် ခေါင်းဆောင်တွေ အစည်းဝေးထိုင်တယ် ပြောတယ်” - ဟု ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ချောဆွဲခံရသည့် မိုင်းအောတ် ထော်လဂျီသမားတဦး သေနတ်မှန်၍ ပွဲခြင်းပြီးသေဆုံးခဲ့သည်ဟုဆို၏။ လက်ရှိတွင် အစိုးရတပ် ရမခ တပ်များက နမ့်လောဝ်း (တန့်ယန်းမြို့နယ်ဘက်မှ) ညှပ်တိုက်နေကြောင်းနှင့် ရလခ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် ကိုယ်တိုင် မိုင်းရှူးမှ ကြပ်မတ်ကွပ်ကဲနေကြောင်း၊ အစိုးရတပ်မှ ဒဏ်ရရာရှိသူ အယောက် ၂၀ ကျော်ရှိကြောင်း ဝန်ထမ်း များအသိုင်းအဝိုင်းက ပြောပါသည်။
ဗိုလ်မှူးစိုင်းလ၏ ပြောကြားချက်အရ သျှမ်းပြည်တပ်မတော်ဘက်တွင် ဓါတုလက်နက်ဒဏ်ခံရသည့် တပ်သား နှစ်ဦးအပြင် ၅ ဦးထက်မနည်းဒဏ်ရာရရှိနေကြောင်း ဆိုသည်။
ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မြောက်ဘက် မိုင်းအောတ် ကျေးရွာအုပ်စု၊ တောင်ဟျိုးကျေးရွာအုပ်စုမှ ဒေသ ခံကျေးရွာ ၁၀ ရွာ၊ လူ ၃၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း လူမှုအသိုင်းဝိုင်းကူညီရေး တက်ကြွလှုပ်ရှားသူ လူငယ်တဦးက ပြောပါသည်။