လျှပ်တပြက် သတင််းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် ပုဇွန်တောင် တရားရုံးတွင် တရားစွဲထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA ဖြစ်မြောက်ရေး ကော်မတီမှ ဇွန်လ ၂၃ ရက်နေ့က တောင်းဆိုလိုက်သည်။
ဂျာနယ်အား ထုတ်ဝေခွင့်ယာယီ ပိတ်ထားခြင်းဖြင့် အစိုးရမှ အရေးယူပြီး ဖြစ်သောကြောင့် အယ်ဒီတာချုပ်အား ထပ်မံအရေးယူရန် ဆောင်ရွက်နေမှုများအား ပြန်လည် ရုတ်သိမ်းပေးရန် ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ခြင်း ဖြစ်သည်။
“စာပေစိစစ်က စည်းကမ်းကို ဖောက်ဖျက်တယ်ဆိုပြီး လျှပ်တပြက် သတင်းဂျာနယ်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်း ထားခိုင်းပြီး အုပ်ချုပ်ရေး အာဏာအရ အရေးယူပြီးပါပြီ။ အခု ထပ်ပြီး တရားဆွဲဆို လာတဲ့အပေါ်မှာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီအနေနဲ့ အမှု ပြန်လည်ရုပ်သိမ်းပေးဖို့် သတင်းထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို စာပို့ပြီး တရားဝင် တောင်းဆိုသွားမှာပါ” ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဦးသီဟစော က မဇ္စျိမကို ပြောသည်။
ကြေညာချက်တွင် “အသွင်ကူးပြောင်းရေးကာလ၏ သဘောသဘာဝအလျောက် ဖြစ်ပေါ်တတ်သော ချို့ယွင်း အားနည်းမှုရှိခြင်းများကို တဘက်နှင့်တဘက် သဘောထားကြီးစွာ နားလည်ပေးခြင်း၊ အပြုသဘောဖြင့် တည့်မတ် ပေးခြင်း၊ ဥပဒေများဖြင့် ဟန့်တားခြင်းထက် စည်းရုံးပညာပေးခြင်းများဖြင့် သိမ်မွေ့စွာ ဆောင်ရွက် သင့်သည်” ဟု ပါရှိသည်။
ဤသို့သောကာလတွင် “သတင်းမီဒီယာများအား တရားစွဲဆိုခြင်းများ၊ ခြိမ်းခြောက်ခြင်းများသည် အပြန်အလှန် ယုံကြည်နားလည်မှု တည်ဆောက်ရေးအတွက် အဟန့်အတားများ ဖြစ်စေနိုင်ပါသည်” ဟုလည်း MJA ဖြစ်မြောက်ရေး ကော်မတီ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ တရားဆွဲထားသည့် အမှုအား တနင်္လာနေ့တွင် အယ်ဒီတာချုပ် ဦးမြတ်ခိုင် ရင်ဆိုင်ရမည် သည်။
“အမှုကတော့ ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ဆွဲတာပါ။ အမှုရင်ဆိုင်ဖို့ ရှေ့နေကတော့ ဦးသိန်းညွှန့် ဖြစ်ပါတယ်” ဟု ဦးမြတ်ခိုင် က မဇ္စျိမကို ပြောသည်။
လျှပ်တပြက်ဂျာနယ် အတွဲ (၃) အမှတ် ၉၁ တွင် ရခိုင်အရေး ကိစ္စရပ်အပေါ် သတင်းရေးသားပုံနှင့် မသီတာထွေး အလောင်းပုံ ဖော်ပြခြင်းနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်း၊ ဥပဒေ ပိုင်းများဖြင့် အရေးယူမည်ဟု ဇွန်လ ၁ဝ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်တွင် ဝန်ကြီးချုပ်က အစိုးရ အဖွဲ့ဝင်များနှင့် မီဒီယာများ ရှေ့တွင် ပြောကြားခဲ့သည်။
ပုဒ်မ ၅ဝ၅ (ခ)မှာ “နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သော ပြစ်မှုကို တဦး တယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်း မဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် (ဃ) လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်” ဟု ရန်ကုန်ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းမီဒီယာများအား ထိုနေ့ သတင်းစာရှင်းပွဲတွင် ပြစ်တင် သတိပေးခဲ့သည်။