အပစ်အခတ် ရပ်ရေး သဘောတူညီ လက်မှတ်ရေးထိုးထားသည့် အတိုင်း အစိုးရ ဘက်မှ မလိုက်နာသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေရသည်ဟု ရှမ်းပြည် တပ်မတော်(မြောက်) SSPP-SSA က ပြောဆိုလိုက်သည်။
ဇွန်လ ၁၇ ရက်နေ့မှ စတင်၍ မိုင်းရှူးမြို့နယ်၊ မိုင်းအော့ကျေးရွာမှ သုံးမိုင်အကွာ SSA ထိန်းချုပ်ရာနယ်မြေ အတွင်း အစိုးရ၏ တပ်ရင်း ခမရ ၅၁၆၊ ၅၁၇၊ ခလရ ၁၄၉၊ ခလရ ၁၅ဝ နှင့်၂၉၆ တို့မှ အင်အား ၄၀၀ ဝန်းကျင် ရှိသော တပ်ဖွဲ့များနှင့် SSA တပ်များ ယနေ့ထိ တိုက်ခိုက်နေခြင်းအပေါ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ကတော့ လက်မှတ်ထိုးထားတဲ့အတိုင်း ကျင့်သုံးတယ်။ ဒါပေမယ့် သူတို့ဘက်က ဘာကြောင့်လာ မယ်ဆိုတာ ကြိုပြီး သတင်းမပို့ဘူးဆိုတော့ မလိုက်နာဘူးလို့ ပြောရမှာပဲ။ အဲဒီလို မလိုက်နာမှုကြောင့် တိုက်ပွဲတွေ ဖြစ်နေရတယ်လို့ပဲ ကျနော်တို့ပြောရမယ်။ အရင်က တိုက်ပွဲတွေလည်း သူတို့ကို ကျနော်တို့
ရောက်တဲ့နေရာ သတင်း ပို့ရင်လည်း ကျနော်တို့ရှိတဲ့ နေရာကို လာပစ်တယ်” ဟု SSA အဖွဲ့မှ ပြောရေးဆိုခွင့် ရသူ ဗိုလ်မှူးစိုင်းလ က ပြောသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့က ချုပ်ဆိုခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူချက်တွင် နှစ်ဘက်တပ်များ သွားလာမည်ဆိုပါက ကြိုတင်အကြောင်းကြားရန် ဆိုသည့်အချက် ပါဝင်သည်။
ဇွန်လ ၂ဝ ရက်နေ့ ညနေပိုင်း ခုနှစ်နာရီထိ အစိုးရဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို၊ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ နေရာကွက်ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ရှိတဲ့ တောင်ကုန်းမှာ ချဉ်းကပ်နေတယ်။ လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ နောက်တော့ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ဒီမနက်ပိုင်း ဝေလီဝေလင်း အချိန်လောက်မှာ ပြန်ဖြစ်တယ်။ ပြင်းပြင်း ထန်ထန်တော့ မဖြစ်ဘူး။ ခုထိတော့ ကြိုကြားကြိုကြား ဖြစ်နေတုန်းပဲ” ဟု ဗိုလ်မှူးစိုင်းလ က မဇ္စျိမကို
ပြောသည်။
လေးရက်ကြာ တိုက်ပွဲ ဖြစ်ပွားနေသဖြင့် ညှိနှိုင်းရန်အတွက် SSA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဆိုင်းအား နေပြည်တော်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ထံ သွားရောက်တင်ပြမည် ဖြစ်ကြောင်း သူက ပြောသည်။
ဇွန်လ ၁၈ ရက်နေ့ကလည်း အစိုးရဘက်မှ စစ်ဗျူဟာမှူး ၂ ကိုယ်တိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာသို့ လာရောက် စစ်ဆေးမည် ဖြစ်၍ SSA တပ်ဖွဲ့များအား တပ်ဆုတ်ပေးရန် ပြောဆိုခဲ့သည်။ SSA ကလည်း တပ်ဖွဲ့များကို မပစ်ခတ်ရန် ညွန်ကြားထားပြီး ထိုနေရာမှ တောင်ကုန်းတနေရာသို့ ဆုတ်ခွာပေးခဲ့သော်လည်း ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီချိန်တွင် အစိုးရတပ်ဘက်မှ လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ဗျူဟာမှူးက ခလရ ၁၄၉ နဲ့ ၁၅၀ ပါလာတယ်။ ကျနော်တို့လည်း ကျနော်တို့ တပ်တွေကို ပစ်ခတ်မှု မရှိဖို့ ညွန်ကြားထားတယ်။ သူတို့ စစ်တဲ့အချိန် ကျနော်တို့ ပစ်ခတ်တာ မရှိဘူး။ ကျနော်တို့က တောင်ကုန်းမှာ
နေရာယူထားတယ်။ မနေ့မနက် ကျနော်တို့ ရှိတဲ့ နေရာကို သူတို့ ကျနော်တို့ တပ်စခန်းကို လာတိုက်တယ်။ အဲဒါကြောင့် တိုက်ပွဲပြန်ဖြစ်တာ” ဟု သူက တိုက်ပွဲ စတင်ဖြစ်ပွားရသည့် အကြောင်းကို ရှင်းပြသည်။
တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် SSA ဘက်မှ နှစ်ယောက် ဒဏ်ရာရပြီး အစိုးရတပ်ဘက်မှ တဦး ကျဆုံးကာ ငါးဦး ဒဏ်ရာရသည်ဟု ဆိုသည်။ နောက်ပိုင်း တိုက်ပွဲများတွင် မည်မျှ သေဆုံးသည်ဟို မသိရ
သေးကြောင်း ဗိုလ်မှူးစိုင်းလ က ပြောသည်။
အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ယနေ့ထိ တိုက်ပွဲအကြိမ်ပေါင်း အနည်းဆုံး ၁၉ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးစိုင်းလ က ပြောသည်။