သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရတပ်တို့အကြား ယမန်နေ့က ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ် ဘက် နှစ်ယောက်သေဆုံးကြောင်းဒေသခံအသိုင်းအဝိုင်း ကပြောပါသည်။
“အခုဖြစ်တဲ့ တိုက်ပွဲနဲ့ဆို အပစ်ရပ်ပြီး နောက်ပိုင်း ၁၈ ကြိမ်ရှိပြီ။ ရလခ ရဲ့ G-1 က ကျနော်တို့ကို သေနတ်ကိုင် ပြီးသွား လာတာတွေ့လို့တဲ့။ ကျနော်တို့နယ်မြေဘဲဗျာ၊ သူတို့ကဘဲ ကျနော်တို့ထိန်း ချုပ်နယ်မြေထဲ အကြောင်း မကြား ဘဲဝင် လာတော့ အခုလိုထိပ်တိုက်ဖြစ်ပြီပေါ့။ နှစ်နာရီ ကျော်ကြာ တိုက်ခိုက်ကြတယ်” - ဟု SSPP/SSA တပ်မှူး တဦးက ပြောပါသည်။
ဂျွန် ၁၇ ရက် ၂၀၁၂ ညနေ ၁၇:၀၀ - ၁၉: ၀၀ နာရီ အထိ အစိုးရတပ် ခမယ ၅၁၆၊ ၅၁၇ ပူးပေါင်းအင်အား ၁၀၀ ဝန်း ကျင်ခန့်က သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ မိုင်းရှူးမြို့ မြောက်ဘက် မိုင်းအောတ်ကျေး ရွာအုပ်စု တောင်ဟျိုး ဟွေ့လွတ် တပ်မဟာ ၃၆ ထိန်းချုပ်နယ်မြေ အတွင်း ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ဆို၏။ မိုင်းရှူးမြို့ ကျန်းမာရေးအသိုင်းဝိုင်းက အဆိုပါတိုက်ပွဲ၌ အစိုးရတပ်ဘက် နှစ်ယောက်သေ ဆုံးပြီး ၅ ယောက် ထက် မနည်း ဒဏ်ရာရှိသည်ဟုပြောပါသည်။
“ကျနော်တို့က ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ပဲ။ တိုက်ပွဲတော့ပြီးသွားပြီ။ အခြေအနေက မငြိမ်သေးဘူး။ ဒီနေ့ အင်အား ၂၀၀ လောက်ထပ်ဖြည့်တယ်။ နယ်မြေရှင်းလင်းရေးလုပ်တာတဲ့။ မကြာခင်ကျနော်တို့တွေ့ ဆုံဆွေး နွေး တော့မှာဘဲ။ အေးဆေးဆေးမရှင်းဘဲနဲ့ ဘာလို့အခုလိုလုပ်တာလဲဆိုတာနားမလည်ဘူး” - ဟု အဆိုပါ တပ်မှူးတဦးက ဆက်ပြောပါသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့ လာမည့် ၂၀ ရက်နေ့ နောက်ပိုင်း တွေ့ဆုံမည်ဟု ဦးသိန်းဇော်က ဖိတ်စာပေးပို့ထားသော်လည်း ရခိုင်ပြည်၌ မငြိမ်မသက် ဖြစ်နေမှုကြောင့် ရက်ထပ်မံ ရွှေ့ဆိုင်းထားပြန်သည်ဟု SSPP/SSA က ဆိုပါသည်။
ယခုနှစ်ဆန်းပိုင်း တောင်ကြီးမြို့၌ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်မြန်မာအစိုးရကိုယ်စားလှယ်တို့ ပဏာမ အဆင့်ဖြစ်သော အပစ်ရပ်ရေးအပါအဝင် ပြည်ထောင်စုအဆင့်ပါ တပြိုင်နက် သဘောတူညီလက် မှတ်ရေးထိုးခဲ့ သော်လည်း နှစ်ဦးနှစ်ဖက်ကြားတိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်သည်။