မြန်မာ အမျိုးသမီး အမတ်များ ဆွီဒင်ပါလီမန်သို့ သွားရောက်လေ့လာခဲ့

မြန်မာ အမျိုးသမီး အမတ်များ ဆွီဒင်ပါလီမန်သို့ သွားရောက်လေ့လာခဲ့
by -
မဇ္စျိမ

မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရန် ရည်ရွှယ်၍ မြန်မာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး ဆွီဒင်နိုင်ငံ ပါလီမန်သို့ု့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

 SIDA)
ဇွန်လ ၆ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၉ ရက်ကြာ လေ့လာရေးခရီးစဉ်ကို ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဆွီဒင် နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ SIDA မှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေ့လာရေး ခရီးစဉ်တွင် ဆွီဒင်၏ နိုင်ငံရေးစနစ်နှင့် ဘဏ္ဍာရေးဆို်င်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စနစ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ခြင်းဆိုင်ရာ ဖြစ်စဉ်များနှင့် နိုင်ငံရေးပါတီများ၏ အခန်း ကဏ္ဍများအပြင် ဒီမိုကရေစီရေးရာနှင့် ကျား/မ ဖြစ်မှု Gender ကိစ္စရပ်များ လေ့လာခဲ့ကြကြောင်း သိရသည်။

ဆွီဒင် ပါလီမန်တွင် အာဏာရအစိုးရသည် အတိုက်အခံ အမျိုးသမီး အမတ်များနှင့် အမျိုးသမီးထုအပေါ်တွင် အလေးထား ပူးပေါင်းဆောင်ရွှက်မှု ရှိကြောင်း သိရသည်။

ယင်းအချက်သည် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ တက်ကြွစွာ ပါဝင်လာနိုင်ရေးအတွက် နမူနာကောင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအမျိုးသမီး အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒေါ်မေဝင်းမြင့် က ရှင်းပြသည်။

“ပါတီတခုကနေ တင်လိုက်တဲ့အထဲမှာ အမျိုးသမီးကိစ္စတွေ မပါဘူးဆိုရင် ဆွေးနွေးကြတဲ့အခါမှာ အမျိုးသမီး တွေက ဘယ်အချက်မှာ ဘာတွေ ကွဲလွဲနေတယ်၊ ဘာတွေ လိုနေတယ်ဆိုတာ ချက်ချင်းထပြီး ဆွေးနွေး တယ်။ အာဏာရ အဖွဲ့ကလည်း ကြည်ကြည်ဖြူဖြူနဲ့ သူတို့ဟာကို လက်ခံပြီးဆွေးနွေးတာ တွေ့ရတယ်” ဟု မဇ္စျိမကို ပြောသည်။

လူဦးရေ ၉ သန်း ၃ သိန်းကျော်သာ ရှိသည့် ဆွီဒင်နိုင်ငံတွင် အမျိုးသမီးလွှတ်တော်အမတ် ၄၅ ရာခိုင်နှုန်း ခန့်ရှိပြီး အစိုးရအဖွဲ့တွင် အမျိုးသမီး၊ အမျိုးသား ပါဝင်မှု မျှတကြောင်း သိရသည်။

“ဖွဲ့စည်းထားတာလည်း အမျိုးသမီး များတဲ့အတွက် ဒီလွှတ်တော်ခန်းမမှာရှေ့မှာ ထိုင်နေတာက အမျိုးသမီး ၁ဝ ယောက်လောက် တွေ့ရတယ်။ လွှတ်တော်ခန်းမမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အမျိုးသမီး တဝက် ပါတာကို တွေ့ရတယ်။ ယောက်ျား/မိန်းမ မျှတတာကို တွေ့ရတယ်” ဟု ဒေါက်တာဒေါ်မေဝင်းမြင့် က ဆိုသည်။

ပြည်သူများ လွတ်လပ်ခွင့်ရှိပြီး အသက်ငယ်ရွယ်သူများ နိုင်ငံရေးတွင် စိတ်ပါဝင်စား လာစေရေးအတွက် ပါလီမန်တွင် လူငယ်များ လေ့လာနိုင်ပုံကို ဒေါ်မေဝင်းမြင့်က ဆက်ပြောပြသည်။

“ဒီပါလီမန်ထဲကို အန်တီတို့နဲ့အတူ သူတို့ဆီက ကျောင်းသားလေးတွေက လေ့လာလို့ ရတယ်။ Transparency ရှိတယ်ပေါ့။ အဲဒါလေးက အန်မတန်မှ စိတ််ဝင်စားဖို့ ကောင်းတာ။ ပြည်သူတွေကိုလွတ်လွတ် လပ်လပ် လေ့လာခွင့် ပေးထားတယ်။ သူတို့ဆီက လူငယ်တွေကို အသက်ငယ်ငယ်ကတည်းက စပြီးတော့ ဒီနိုင်ငံရေးမှာ၊ ပြည်သူ့အရေးမှာ ပိုပြီး စိတ်ဝင်စားအောင် train လုပ်ထားတာကို တွေ့ရတယ်” ဟု ဆိုသည်။

ဆွီဒင်ပါလီမန် အဆောက်အဦးရှေ့တွင် ပြည်သူများ လွတ်လပ်စွာ သွားလာနိုင်ပြီး နေပြည်တော် လွှတ်တော် နှင့် ကွာခြားပုံကိုလည်း “အထူးသဖြင့် အန်တီတို့ ကျမ်းကျိန််တဲ့ နေ့တုန်းက နေပြည်တော်မှာရှိတဲ့ အန်တီတို့ အဖွဲ့ဝင်တွေက အန်တီတို့ကိုလာပြီး ကြိုဆိုနှုတ်ဆက်နေတာ၊ သူတို့က ဟိုးအဝေးကနေပဲ အန်တီတို့ကို လက်ပြရတာ။ နေပြည်တော်က ပါလီမန်ကို တခြားအပြင်လူတွေက သိပ်ပြီးကပ်လို့မရဘူး” ဟု နှိုင်းယှဉ်
ပြောဆိုသွားသည်။

အဆိုပါ လေ့လာရေးခရီးစဉ်တွင် NLD မှ ငါးဦး၊ ချင်းအမျိုးသားပါတီမှ တဦး၊ ကြံ့ခိုင်ရေးပါတီမှ ငါးဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ နှစ်ဦး၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီမှ တဦး ပါဝင်ကြောင်း သိရသည်။

Most read this week