KIA နှင့် အစိုးရစစ်တပ်တို့ နှစ်ဘက်စစ်ဖြစ်ပွားနေသည့် သျှမ်းပြည်(မြောက်ပိုင်း)နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာ တွင် အစိုးရစစ်တပ်မှ ညအချိန်ဧည့်စာရင်း ၀င်ရောက်စစ်ဆေးနေသည့် အပေါ် ဒေသခံရွာသားများ မကျေမနပ် ဖြစ်နေကြောင်း သိရသည် ။
ရွာသားများအား လယ်ကွင်းထဲအထိ ၀င်ရောက်စစ်ဆေးနေပြီး ကျေးရွာအတွင်း နေထိုင်သူ ဟုတ်မှန်ကြောင်း ရွာအုပ်ချုပ် ရေးမှူး၏ ထောက်ခံချက် ပြသနိူင်ရန် လိုအပ်သည်ဟု မုံးဝီးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“အစိုးရတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းပြီးတော့ ရွာသားတွေလယ်လုပ်တဲ့ အချိန်မှာ လယ်ထဲအထိ ၀င်စစ်ဆေး တာပေါ့ သူတို့က အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် ပြရတာပေါ့ ထောက်ခံစာသွားယူပြန်တော့လည်း တစ်ယောက်ကို ငွေတစ်ထောင် ပေးရ သေးတယ် ”ဟု သူက ဆိုသည်။
အဆိုပါ မုံးဝီးဒေသတစ်ဝိုက် လမ်းဘေးလျှပ်စစ်မီးတိုင် လုံခြုံရေးယူထားသော အစိုးရစစ်တပ်များမှဧည့်စာရင်း စစ်ဆေး ခြင်း ဖြစ်ကြောင်း သိရသည်။
လတ်တလော မုံးဝီးဒေသတွင် KIAနှင့် အစိုးရတပ်များ အကြား တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း အစိုးရတပ် ဘက်မှ စစ် အင်အား ဖြည့်တင်းမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။