မြန်မာပြည် အလုပ်လက်မဲ့ပြဿနာ ချိန်ကိုက်ဗုံးတခုဟု ဒေါ်စုပြော

မြန်မာပြည် အလုပ်လက်မဲ့ပြဿနာ ချိန်ကိုက်ဗုံးတခုဟု ဒေါ်စုပြော
by -
မဇ္ဈိမ

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့များ အလွန်များပြားနေရခြင်းနှင့် ပါတ်သက်၍ စိုးရိမ်ဘွယ်ရာအဖြစ်ရှိနေပြီး ရင်းနှီးမြှုပ်နှံသူများအနေနှင့် အလုပ်အကိုင်များ ဖန်တီးပေးစေလိုကြောင်း ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောဆို လိုက်သည်။

: AFP)

“မြန်မာလူငယ် အလုပ်လက်မဲ့ အချိုးအစားဟာ အလွန်မြင့်မားနေပါတယ်။ ဒါဟာ ချိန်ကိုက်ဗုံးတခုလိုဖြစ်နေ ပါတယ်” ဟု သောကြာနေ့ မနက်ပိုင်းက ပြောဆိုလိုက်သည်။

မြန်မာ့နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်စေလိုသော်လည်း အလုပ်အကိုင် ဖန်တီးပေး ရေးအတွက် ဦးစားပေးစေလိုကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

“ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဘယ့်လောက် အကျိုးအမြတ်ရမယ် ဆိုတာလောက်ပဲ မစဉ်းစားကြပါနဲ့။ ရင်းနှီးမြှုပ်နှံသူတို့အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အကျိုးအမြတ် ရချင်ကြတယ်ဆိုတာ ကျမ သဘောတူ ပါတယ်။ သို့သော်လည်း ကျမတို့ တိုင်းပြည်အနေနဲ့လည်း ရင်းနှီးမြှုပ်နှံကြသူတွေလို အကျိုးအမြတ် ရရမှာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

မြန်မာများအတွက် ရနိုင်သမျှ အလုပ်အကိုင် များများနှင့် သင်တန်းများ ရရှိလိုကြောင်း ပြောသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများအနေနှင့် ခြစားလာဘ်စားမှုအား လောင်စာဖြည့်ဆည်းပေးမှုနှင့် စီးပွားရေး ရေပေါ်ဆီ သမားများ၏ အိပ်ထဲသို့ ဖြည့်တင်းမှုများ မလုပ်သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။

ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံသားများ သန်းနှင့်ချီ၍ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးမဲဆွယ်စဉ်ကလည်း အလုပ်လက်မဲ့ ပြဿနာ အား အလေးထားခဲ့ပြီး ပြုပြင်ပေးရန်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဟု မဲဆန္ဒရှင်များအား ကတိပေးထားခဲ့သည်။

ထို့ပြင် အစိုးရအနေနှင့် ဒီမိုကရေစီ၊ လူမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာနေသော်လည်း တရားစီရင်ရေးကဏ္ဍမှာမူ လွတ်လပ်မှုမရှိသေးကြောင်း သတိပေး ထောက်ပြပြောဆိုလိုက်သည်။

“တကယ်လို့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်မယ် ဆိုရင်တောင်မှ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေသူတွေ အနေနဲ့ သတိထားရမှာက တရားမျှတတဲ့ တရားရုံးတွေ မရှိဘူးဆိုရင် ဒါမှမဟုတ် အဲဒီ့တရားရုံးတွေ အနေနဲ့ ဥပဒေတွေ အတိုင်း တရားမျှတစွာ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုရင် အဲဒီ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှှု ဥပဒေတွေကလည်း အသုံးဝင်မှာ မဟုတ်ပါဘူး” ဟု အာရှပစိဖိတ်ရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဆိုသွားသည်။

ဖိုရမ်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေလ ၃ဝ ရက်မှ ဇွန် ၁ ရက်နေ့ထိ ကျင်းပကာ နိုင်ငံပေါင်းများစွာမှ ထိပ်တန်း စီးပွားရေးသမားများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင် များ၊ သတင်းစာဆရာများ စုစုပေါင်း ၂,၅ဝဝ ခန့် လာရောက်သည်ဟု သတင်း ထုတ်ပြန်ချက်များအရ သိရသည်