မူစယ်မြို့တွင် သုံးဘီးယာဉ်မောင်းများ တောင်းဆိုမှု ပြုလုပ်

မူစယ်မြို့တွင် သုံးဘီးယာဉ်မောင်းများ တောင်းဆိုမှု ပြုလုပ်
by -
သျှမ်းသံတော်ဆင့်

အုံနာခ စျေးကြီးမှု ဆိုင်ကယ်တက္ကစီများ အပြိုင်ပြေးဆွဲနေမှု အပေါ် မကျေနပ်၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ပေါ်ရှိ သုံးဘီးယာဉ်မောင်း ၃၀ ဦးခန့်မှ ယနေ့နေ့လည် ၁၂ နာရီခွဲခန့်ကစ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် တောင်းဆိုမှု ပြုလုပ်နေကြောင်း သိရသည်။

China_Three_Wheel
မူစယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအတွင်း သုံးဘီးယာဉ်မောင်းများ၊ အာဏာပိုင်များနှင့် ဆိုင်ကယ်တက္ကစီ သမားများ ညှိနှိုင်းဆွေးနွေးနေပြီး ယခုသတင်းရေးသားနေချိန် မွန်းလွဲ ၂ နာရီခွဲခန့်အထိ မပြီးဆုံးသေး ကြောင်းမြို့နယ်အုပ်ချုပ်ရေးရုံးနှင့်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောသည်။

“သုံးဘီးယာဉ်မောင်းသမားတွေဘက်က မကျေနပ်လို့ တောင်းဆိုတာပေါ့နော် အခုသုံးဘီးသမားတွေဘက်က ၃၀ လောက်နဲ့ မြို့နယ်ရုံးထဲမှာ ညှိနှိုင်းမှုတွေ လုပ်နေတုန်းမပြီးသေးဘူး” - ဟု သူက ဆိုသည်။

မြို့တွင်းလှိုင်းပြေးဆွဲနေသည့် သုံးဘီးယာဉ် အစီး ၄၀၀ နီးပါးခန့်ရှိပြီး တွက်ခြေမကိုက်၍ တောင်းဆိုမှု ပြုလုပ်ခြင်း ဖြစ်နိူင် ကြောင်း မြို့ခံတစ်ဦးကလည်း ဆိုသည်။

“အရင်ရထိုက်ကုမ္ပဏီက တင်သွင်းတဲ့ သုံးဘီးဆိုင်ကယ်က အစီးရေ ၃၀၀ ကျော်ရှိတယ် ရထိုက်ကုမ္ပဏီကနေ ကြံ့ခိုင်ရေး ပါတီကို လွဲပြောင်းပေးပြီး ရွေရာဇာလှိုင်းနံမယ်နဲ့ ပြေးဆွဲနေတာ နောက်ထပ်ရောက်လာတာက အစီး ၅၀ ကျော် လောက် ဆိုတော့ အစီးရေ ၄၀၀ လောက်ရှိတယ် အဲဒီမှာ တွက်ခြေမကိုက်လို့ တောင်းဆိုတာ ဖြစ်လိမ့်မယ်” ဟု ဆိုသည် ။

မြို့တွင်းလှိုင်းပြေးဆွဲခွင့်ရရန် ယခင်က သုံးဘီးဆိုင်ကယ်တစ်စီး ကျပ်သိန်း ရဝ ခန့်နှင့် ယခုကျပ်သိန်း ၂၅ ခန့် ကုန်ကျပြီး တစ်ရက်အုံနာကြေး ကျပ် ၁၂၀၀၀ ပေးဆောင်ရကြောင်း သိရသည်။

သုံးဘီးခ စျေးကြီပြီး ဆိုင်ကယ်ကယ်ရီခ စျေးသက်သာသဖြင့် ခရီးသည်များ စျေးသက်သာသည့် ဆိုင်ကယ်တက္ကစီကို ငှား ရမ်းသူများပြားကြောင်း သိရပြီး အဆိုပါ တောင်းဆိုမှုအတွင်း ရုန်းရင်ဆန်ခတ် ဖြစ်ပွားမှု မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေး မှူးရုံးအတွင်း ငြိမ်းချမ်းစွာ ညှိနှိုင်းခြင်းဖြစ်ကြောင်း စောစောကနီးစပ်သူက ဆက်ပြောသည်။