ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ

ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ
by -
မဇ္ဈိမ

ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များမှ လယ်သမား ၁ဝဝ ကျော်က လယ်သိမ်းခံခဲ့ရမှုနှင့် ပတ်သက်၍ ကြာသပတေးနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ဆန္ဒပြကြသည်။

သိမ်းယူသွားသော လယ်ယာမြေများအား ကုမ္ပဏီများထံမှ ပြန်လည်သိမ်းယူကာ လယ်သမားများထံ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားမှုမရှိ၍ အိုးအိမ်ဦးစီးဌာနအား ဆန္ဒပြ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္စျိမ)
စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းများအတွက် လွန်ခဲ့သော ၁၅ နှစ်ခန့်က ၎င်းတို့၏ လယ်ယာမြေများအား အသိမ်းခံခဲ့ရသော်လည်း ယခုချိန်ထိ ထိုမြေများပေါ်တွင် မည်သည့် စီမံကိန်းမျှ စတင်ခြင်း မရှိသေးသည့် အတွက် ယခုကဲ့သို့ ပြန်လည် တောင်းယူရခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်မှ လယ်သမားကြီး ဦးအုန်းတင့် က ပြောသည်။

“ကျနော်က ဧက ၃၀ အသိမ်းခံခဲ့ရတယ်။ အဲဒီတုန်းက မြို့ရွာနဲ့အိုးအိမ်က သိမ်းခိုင်းတယ်ဆိုပြီး ဝါဝါဝင်း ကုမ္ပဏီက လာသိမ်းခဲ့တယ်။ ခုချိန်ထိ အဲဒီနေရာမှာ ဘာအဆောက်အဦးမှ ဆောက်လုပ်တာ မရှိသေးဘူး။ လှိုင်သာယာမှာဆို ကျွန်းကြီး၊ ကျွန်းလေး၊ အပြင်ပဒံ၊ အတွင်းပဒံ၊ ကန်းခို အဲဒီက လယ်တွေအသိမ်းခံခဲ့ရ တယ်။ လယ်ဧက စုစုပေါင်း ထောင်ကျော် အသိမ်းခံခဲ့ရတယ်။ လယ်သိမ်းခံရလို့ ကျနော်တို့တွေတခြား အလုပ် ပြောင်းလုပ်ရတယ်။ စားဝတ်နေရေး ကြပ်တည်းတယ်။ နောက်ဆုံး ကလေးတွေကျောင်းမထား နိုင်တဲ့အထိ ဖြစ်ခဲ့တယ်။ ဒါပေမယ့် မပြောရဲတာကော၊ နားမလည်တာကောကြောင့် ဘာမှမလုပ်ခဲ့ဘူး။ ခုတော့မှ ပြန်တောင်းဆိုတာပါ” ဟု မဇ္စျိမကို ပြောသည်။

လယ်သမားဘဝမှ ဆိုက္ကားဆရာ ဖြစ်လာရသော ရွှေပြည်သာမှ လယ်မြေသိမ်းခံခဲ့ရသော လယ်သမားကြီး ဦးချစ်ထွန်း ကလည်း နိုင်ငံတော်သမ္မတကြီးအနေနှင့် မိဘချင်း ကိုယ်ချင်းစာပေးရန် တောင်းဆိုလိုက်သည်။

“ဦးတို့ ရွှေပြည်သာက သာဓု၊ အုတ်ဖို၊ လှော်ကား၊ ကရင်ကွင်း အဲဒီတွေမှာ လယ်ဧက ၆၀၀ ကျော် အသိမ်းခံလိုက် ရတယ်။ မိသားစုက ဒါပဲ လုပ်တတ်တာမို့ လုပ်လာခဲ့တာ ခုဆိုနှစ် ၃၀ ရှိပြီ။ ခုတော့ ဆိုက္ကားနင်းနေတယ်။ အခုလို သိမ်းတာ မတရားမှန်း သိပေမယ့် မပြောတတ်လို့ မပြောတာ။ နိုင်ငံသား တယောက်အနေနဲ့ မျှတမှု လိုချင်ပါတယ်။ ဦးတို့ လယ်သမားတွေက နင်းပြားဘဝမို့ ဘာမှမပြောရဲပါဘူး။ ပြန်ပေးတာတော့ လိုချင်ပါတယ်။ သားသမီးတွေ ကို ကောင်းကောင်းမထားခဲ့နိုင်ဘူး။ ဒါတွေကို မိဘတဦးအနေနဲ့ ခွဲဝေပေးချင်တယ်။ လူတိုင်း မိဘနေရာက ခံစားပေးဖို့ပါပဲ။ နိုင်ငံတော် သမ္မတကြီးလည်း မိဘနေရာက ခံစားပေးဖို့ပဲ မျှော်လင့်ပါတယ်” ဟု ပြောသည်။

သိမ်းယူသွားသော လယ်ယာမြေများအား စီမံကိန်း မစတင်သည့်အတွက် ကုမ္ပဏီများထံမှ ပြန်လည်သိမ်းယူ ကာ လယ်သမားများထံ ပြန်လည်ပေးအပ်ဖို့ အိုးအိမ်ဦးစီးဌာနအား မေလ ၁၅ ရက်နေ့က တောင်းဆိုထား သော်လည်း အကြောင်းပြန်ကြားမှုမရှိ၍ ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း လယ်သမားများ ကိုယ်စား လိုက်ပါဆောင်ရွက်သူ ဦးဝင်းချို က ပြောသည်။

“ဒီလယ်သမားတွေက အနော်ရထာ စက်မှုဇုံစီမံကိန်း၊ သာဓု စက်မှုဇုံစီမံကိန်း၊ ဝါးတရာ စက်မှုဇုံစီမံကိန်းတွေ အကြောင်းပြပြီး အသိမ်းခံခဲ့ရတာပါ။ စက်မှုဇုန် တကယ်ဆောက်ရင် ဘာမှမပြောပါဘူး။ ခုက သိမ်းခဲ့တာ ၁၅ နှစ်ရှိပြီ ဘာတခုမှ မပေါ်သေးဘူး။ မြေတိုင်းက ချထားတဲ့ စည်းကမ်းချက်အရ စက်မှုလုပ်ငန်းလုပ်ဖို့ သိမ်းတဲ့နေရာမှာ သုံးလအတွင်း ဘာမှ အကောင်အထည်မပေါ်ရင် စာချုပ်ဖောက်ဖျက်မှုအရ မြို့ရွာအိုးအိမ်က ပြန်သိမ်းရပါမယ်။ ဒါပေမယ့် ခုချိန်ထိ ဘာမှ ပြန်မသိမ်းထားဘူး။ ဒါဟာ မျှတမှု မရှိတာပါပဲ။ ဒါကို ကျနော်တို့က အဲဒီကုမ္ပဏီတွေဆီကပြန်သိမ်းပေးဖို့ တောင်းဆိုတယ်။ ခုချိန်ထိဘာမှမထူး၊ ဘာမှ အကြောင်းမပြန်လို့ ခုလိုဆန္ဒပြရတာပါ” ဟု မဇ္စျိမကို ပြောသည်။

အဆိုပါလယ်များမှာ မြို့ရွာအိုးအိမ်၏ သတ်မှတ်စည်းကမ်းချက်အညီ လယ်သမားများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် မတ အမှတ်ရ မြေကွက်များ ဖြစ်သော်လည်း လက်ရှိချိန်တွင် ဝါဝါဝင်းကုမ္ပဏီမှ ပိုင်ထားကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြို့ရွာအိုးအိမ်မှ တာဝန်ရှိသူများအား မဇ္စျိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားမှု မပေးနိုင်သေး ကြောင်း ပြန်လည်ပြောကြားခဲ့သည်။