ကချင်စစ်ပြေးကျောင်းသားများ လတ်တလောတွင်ပိုတိုးလာ

ကချင်စစ်ပြေးကျောင်းသားများ လတ်တလောတွင်ပိုတိုးလာ
by -
မွန်အေဂျင်စီ

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO အား မြန်မာအစိုးရတပ်မှ ဆက်လက်ထိုးစစ်ဆင်နေသဖြင့်ကချင်ပြည် နယ်၊ မိုးမောက်မြို့နယ်၊ မိုင်ဂျာယန်ဒေသသို့ ကချင်စစ်ပြေးကျောင်းသားများ ပိုမိုရောက်ရှိလာကြောင်း သိရသည်။

မိုင်ဂျာယန်သို့ ရောက်ရှိလာသောဒုက္ခသည်(Photo- Kachinland News)၁၉၉၄ နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းရေးစတင် ချိန်မှစပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ၁၀တန်း ကျောင်းသူကျောင်းသား များ အား မြန်မာအစိုးရအထက်တန်းကျောင်းနှင့် တွဲလျက် သီးသန့်ပညာသင်ကြား ပေးသည့် အစီအစဉ်ကို ယခု ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

KIO ပညာရေးဌာနတွင် တပ်မဟာ (၁)ရှိ အင်ဂွမ်လ အထက်တန်းကျောင်း၊ တပ်မဟာ (၃)ရှိ မိုင်ဂျာယန် အထက်တန်းကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ(၄)ရှိ လွယ်ကန် အထက်တန်းကျောင်းနှင့် တပ်မဟာ (၅)ရှိ လိုင်ဇာ အထက်တန်းကျောင်းဟု စုစုပေါင်း ၄ ကျောင်းရှိသည်။

လိုင်ဇာ အထက်တန်းကျောင်းတွင် ၁၀တန်းတက်နေသည့် ကျောင်းသား ဦးရေ ၄၂ ရှိပြီး စစ်ပြေးကျောင်းသား ၂၅ ဦး ထပ်ရောက်လာကာ စုစုပေါင်း ၆၇ ဦး ရှိသည်။ မိုင်ဂျာယန်နှင့် အင်ဂွမ်လ ကျောင်းတွင်မူကျောင်းသား အယောက် ၃၀ ကျော် စီခန့် ကျောင်းတက်ရောက်နေသည်။

မိုင်ဂျာယန်သို့ ရောက်ရှိလာသောဒုက္ခသည်(Photo- Kachinland News)
လက်ရှိ ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာရောက် ကချင်အမျိုးသားများ၊ စီးပွားရေး လုပ်ငန်းရှင်များထံမှ အကူအညီများသာ ရရှိခဲ့သော်လည်း ပြည်တွင်းမှ အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အကူအညီ ထောက်ပံ့မှုကို မြန်မာအစိုးရက ယနေ့ထိ ပိတ်ပင်ထားဆဲ ဖြစ်သည်ဟု ဦးလရစ်က ပြောသည်။

မိုင်ဂျာယန် မြို့ရှိ လူငယ်ဖွံဖြိုးရေး သင်တန်းကျောင်း၊ မိုင်ဂျာယန် အထက်တန်း ကျောင်း၊ အင်္ဂလိပ် စာ အထူးသင်တန်းကျောင်း များရှိပြီး ယင်းကျောင်းမှ ကျောင်းသားများ ပညာရေး အဆက်မပြတ် စေရန် တရုတ်ဘက်ရှိ အုပ်ချုပ်ရေး အရာရှိ များနှင့် ညှိုနှိုင်းကာ ယာယီကျောင်းဆောင် များ ဆောက်ပြီးကာ မှ ယခုကဲ့သို့ နှင်ထုတ်ခံရခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အမှတ် (၁) အထက်တန်းကျောင်းတွင် KIO ၁၀ တန်းကျောင်းသားများအား သင်ကြားပေးနေသည့် သီးသန့် စာသင်ခန်းနှင့် KIO ဘော်ဒါဆောင်အား ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“နိုင်ငံရေး မတည်ငြိမ်တော့ KIO ဘော်ဒါနဲ့ သီးသန့်အခန်း မထားပေးတော့ဘူး။ ဒါမယ့် ကျောင်းအုပ်က ကချင်ဆရာဆိုတော့ ကျမတို့ကို သနားတာပေါ့။ တခြားစာသင်ခန်းမှာ ကြားညှပ်တော့ ပေးထားမယ် ပြောတယ်။” ဟု KIO တပ်မဟာ(၃)ရှိ မိုင်ဂျာယန် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်လုဂျာမှ ပြောသည်။



KIO နှင့် မြန်မာအစိုးရကြား ငြိမ်းချမ်းရေးယူပြီး (၁၆)နှစ်ကြာ ကာလအတွင်း KIO ၁၀ တန်းကျောင်းသားများ အား မြစ်ကြီးနားမြို့ အမှတ်(၁) အထက်တန်းကျောင်းတွင် သီးသန့် စာသင်ခန်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပညာသင်ခွင့်ပေးခဲ့သည်။ နှစ်စဉ်နှစ်တိုင်း သြဂုတ်လဆန်းတွင် KIO ၁၀ တန်း ကျောင်းသားများ မြစ်ကြီးနားမြို့၌ ကျောင်းတက်ရန် ရောက်ရှိလေ့ရှိသည်။



“ဒီနှစ်က ၁၀ တန်းတွေကို စောစောလွတ်မယ်ပေါ့။ ခါတိုင်းက နောက်ကျတယ်လေ။ ဇွန်လ ကနေ မြစ်ကြီး နားမှာ ကျောင်းတက်ဖို့ ကျောင်းအုပ်ဆရာနဲ့ ပြောပြီးသား။ အဲ့တာ စစ်ဖြစ်လာတော့ မသွားနိုင်တော့ဘူး။” ဟု လိုင်ဇာမြို့ အထက်တန်းပြ ဆရာမ လဆန်ထုခေါင်မှ ဆိုသည်။



KIO ၁၀ တန်းကျောင်းသားများကို ၉ တန်းစာ ထပ်မံဖြေဆိုစေကာ အောင်မြင်သူများကိုသာ မြန်မာအစိုးရ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် ဆက်လက်သင်ကြားခွင့်ပြုသည်။

ယခုနှစ်တွင် မြစ်ကြီးနားမြို့ အမှတ်(၁)အထက်တန်းကျောင်းတွင် တက်ရောက်မည့် KIO ကျောင်းသား ဦးရေမှာ ၅၀ ကျော် ရှိသည်။

“ကိုယ့်အမျိုးသားဆိုတော့ ကိုယ့်ကျောင်းမှာတက်ပြီး ဖြေ။ ကိုယ့် ပညာရေးကိုတိုးတက်အောင် လုပ်သွားမယ်။ မြန်မာပြည်က ဘွဲ့ မရလည်း ဘာမှမဖြစ်ဘူး။ KIO လက်အောက်က ကျောင်းနှင့် ပြည်ပနိုင်ငံက ကျောင်း ဆက်တက်လို့ရတယ်။ ငြိမ်းချမ်းရေး မယူရင်တော့ သင်ရိုးညွန်းတန်းတွေလည်း တဖြည်းဖြည်းပြောင်းလာဖို့ လည်း ရှိလာနိုင်တယ်။” ဟု KIO ပညာရေးမှူး ဆလန်ကဘား ဆွတ်လွတ်ဂမ်မှ ပြောသည်။

မြန်မာအစိုးရ ကျောင်းတွင် KIO စာသင်ခန်းဟု သီးသန့် မထားသော်လည်း အခြားစာသင်ခန်းများတွင်ဝင် ရောက် သင်ကြားခွင့်ပြုထားသည်။ သို့သော် မြစ်ကြီးနားမြို့ပေါ်တွင် အိမ်မရှိ၊ ငွေမရှိသဖြင့်ကျောင်းသွားတက် ရန် အခက်အခဲများရှိနေသည်။

“ဘော်ဒါ ထားခွင့်မပြုတော့ ဘယ်မှာသွားနေမလဲ။ တခြားအဆောင်ဘော်ဒါတွေက ၁၄ သိန်း၊ သိန်း ၂၀ လေ။ KIO က ဘော်ဒါက ၄ သိန်းကျော်ပဲ။ ဒါတောင် ကလေးတွေ မတက်နိုင်ကြဘူး။” ဟု မိုင်ဂျာယန်ကျောင်းအုပ် ဆရာမ ဒေါ်လုဂျာမှ ပြောသည်။

ငွေကြေးတတ်နိုင်သည့် ကျောင်းသားများကမူ မန္တလေး၊ ရန်ကုန် အစရှိသည့် ကျောင်းများသို့သွားရောက် ပညာသင်ယူကြသည်။

“ပိုက်ဆံရှိ၊ ချမ်းသာတဲ့ မိသားစုက ကျောင်းသားတွေက မြို့ပေါ်မှာ ကျောင်းသွားတက်ကြပြီ။ ဒီမှာကျန်နေတာ ကတော့ ငွေ အဆင်မပြေတဲ့ ကလေးတွေပဲ။ ခက်ခဲတဲ့ ကလေးတွေပဲ တက်ကြတာ။” ဟု ဆရာမ လဆန်ထုခေါင်မှ ဆက်ပြောသည်။



ဒီဇင်ဘာလ ၈ ရက်နေ့တွင် တရုတ် အရပ်ဘက် အုပ်ချုပ်ရေးနှင့် စစ်တပ် တွဲကာ ဒုက္ခသည် များ ၏ ယာယီ တဲများကို ဖျက်ဆီး ပစ်ပြီး တိုက်ပွဲ ဖြစ်ပွားလျက်ရှိ သည့် ၄င်းတို့ နေရပ်သို့ အတင်း ပြန်ခိုင်း ခြင်း ဖြစ်သည်။

လွန်လဲ့သည့် အောက်တိုဘာလ ကလည်း တရုတ် အုပ်ချုပ်ရေးအရာရှိများက ကေအိုင်အို အုပ်ချုပ် ရေးအရာရှိ များနှင့် ဆွေးနွေးကာ စစ်ပြေးဒုက္ခသည်များ လက်ခံထားရန် သဘောတူခဲ့သော်လည်း ကေအိုင်အေ တပ်မဟာ ၄ နေရာတွင် တိုက်ပွဲများ ဖြစ်ပွား လာသည့်အခါတွင် မူဆယ်မြို့အနီး၊ ပန်ဆိုင်းကျေးရွာဘေး တရုတ်ဘက်ခြမ်း ဝန်ဒင်ရွာသို့ ထွက်ပြေးလာသူများကို လက်မခံဘဲ ပြန်လည် မောင်းထုတ်ခဲ့သည်။