ကာကွယ်ရေးနှင့်အထူးစစ်ဆင်ရေးအဖွဲ့ ကစထ ၂ မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် ဦးဆောင်သည့် မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကွန်မင်းမြို့သို့ ချစ်ကြည်ရေးခရီးစဉ် အနေဖြင့် ယခုလ ၂၁ ရက်နေ့က ထွက်ခွာသွားကြောင်း မြန်မာအစိုးရပိုင် သတင်းစာတွင် ဖေါ်ပြသည်။
၎င်းနှင့်အတူ ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး ဧရာဝတီရေတပ်စခန်း ဋ္ဌာနချုပ် ဋ္ဌာနချုပ်မှူး ဗိုလ်မှူး ချုပ်မောင်ဦးလွင်နှင့် စစ်အရာရှိများ လိုက်ပါသွားကြောင်း သိရသည်။
သျှမ်းပြည်အတွင်းရှိ မြန်မာစစ်တပ်၏စစ်တိုင်း ၄ ခု (သျှမ်း နှင့် ကယား ခေါ် ကရင်နီပြည်နယ်) ကို ကွပ်ကဲရသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ခရီးစဉ်သည် သာမန်လေ့လာရေးခရီးဆိုသည်ထက် နှစ်နိုင်ငံနယ်စပ်ကိစ္စများ ထည့်သွင်း ဆွေးနွေးဖွယ်ရှိကြောင်း တရုတ် - မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။
“အဓိကက အောင်သန်းထွဋ်တို့ သွားတယ်ဆိုရင်တော့ တရုတ် - မြန်မာနယ်စပ် တာချီလိတ်ကနေ ဒီဘက် မူစယ် -နမ့်ခမ်းအထိ သူတာဝန်ယူထားတယ်ဆိုတော့ နယ်စပ်ကိစ္စတွေလည်း ဆွေးနွေးနိုင်တာပေါ့ လေ့လာရေးခရီးဖြစ် ကောင်းဖြစ်မယ် အဲဒီမှာ သျှမ်းမြောက်မှာ ဖြစ်နေတဲ့ကိစ္စတွေ သျှမ်းပြည်နယ်ထဲမှာ တရုတ်ရဲ့ investment တွေ အများကြီးရှိတော့ ဒါတွေရဲ့လုံခြုံရေးကိစ္စတွေ အများကြီးပါနိုင်ပါတယ် ” ဟု ဆိုသည်။
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်ကိစ္စများနှင့်ပတ်သက်၍ ဒုသမ္မတဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းထားသည့်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်ခရီးစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်ကိစ္စအထူး တလှယ် ဆွေးနွေးဖွယ်မရှိကြောင်း သူကခန့်မှန်းပြောဆိုသည်။