တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် မြစ်ဆုံရေကာတာ စီမံကိန်းပြန် လည်လုပ်ဆောင်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ရေကာတာ တည်ဆောက်ရေးလုပ်ငန်း၏ကူညီထောက် ပံ့မှုကို ရှာဖွေနေသည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG က ပြောသည်။
CPI မှ လုပ်ဆောင်နေသော မြစ်ဆုံစီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချမှုရှိသည့်အပြင် အကျိုးရလာဒ်များစွာ ရှိကြောင်း သက်သေပြန်ရန်အတွက် နိုင်ငံတကာ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့ (ICOLD ) ၏ “လွတ်လပ်သော” စစ်ဆေးမှုကို ယခုလက်ရှိတွင် လုပ်ဆောင်လျှက်ရှိကြောင်း တရုတ်သတင်းဌာန၏ ဖော်ပြချက်ကို ကိုးကားပြီး KDNG ၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။
၄င်းအပေါ် KDNG က ICOLD ၏ အဓိက ရည်ရွယ်ချက်မှာ CPI မှ ဆိုင်းင့ံထားသည့် စီမံကိန်းကိုပြန်လည် စတင်နိုင်ရေးအတွက် တွန်းအားပေးရန် ကြိုးပမ်းနေခြင်းသာ ဖြစ်နိုင်ချေများကြောင်း ပြောသည်။
“ဘယ်လိုလုပ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေကာတာလုပ်ငန်းအဖွဲ့က လွတ်လပ်စွာ လေ့လာမှုတွေ ပြုလုပ်နိုင်မှာလဲ၊ ဒါကလည်း တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI က မြန်မာပြည်သူတွေရဲ့ဆန္ဒ ကို ပယ်ဖျက်ဖို့ လုပ်ဆောင်တဲ့ ဗျူဟာတခုပဲ” ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့က ဆိုင်းမိုင်က ပြောသည်။
တရုတ်နိုင်ငံ အကြီးစားရေကာတာစီမံကိန်း ကော်မရှင်မှ ရှောင် ဇင်ပင်း (Xu Zepin) ၏ ပြောကြားချက်အရ မြန်မာနိုင်ငံရှိ ပြည်သူလူထုများ၏ သံသယစိတ်များကို ပယ်ဖျောက်ရန်အတွက် ထိုမြစ်ဆုံရေကာတာ စီမံကိန်းကြီးသည် လက်ရှိတွင် တတိယပါတီမှ စစ်ဆေးမှု ပြုလုပ်နေသည်ဟုဆိုသည်။ ထိုလေ့လာမှုသည် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လုံခြံုရေးဆိုင်ရာ အခြေအနေများအားလုံးကို လေ့လာ သုံးသပ်သွားမည်ဖြစ်သည်။
“လွတ်လပ်သော စစ်ဆေးသုံးသပ်မှု” ဟု ပြောနေသည့် ကြားမှာပင် အဖွဲ့ဝင်ပေါင်း ၉၀ နိုင်ငံပါဝင်သော ICOLDသည် ရေကာတာဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်းများ၏ အဓိက စည်းရုံးလှုံ့ဆော်ရေးလုပ်နေသော အဖွဲ့ဖြစ်သည့်အပြင် (CPI) နှင့် အလွန်ရင်းနှီးကျွမ်းဝင်မှုရှိသော အဖွဲ့ဖြစ်နေသည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။
ရေကာတာကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများအပေါ် မြန်မာပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသောကြောင့် မြန်မာနိုင်ငံ သမ္မတကြီးသည် “ပြည်သူလူထုဆန္ဒ” ကြောင့်ဟုဆိုကာ လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် မြစ်ဆုံရေကာတာကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။
ထိုအတူ ၂၀၀၉ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအပေါ် လေ့လာချက် (EIA) အရ ထိုရေကာတာစီမံကိန်းကို လုံးဝမဆောက်သင့်ကြောင်းလည်း အကြံပြုခဲ့သည်။
ဆိုင်းမိုင်က “CPI က သမ္မတက ဒီမြစ်ဆုံရေကာတာကို ဆိုင်းငံ့ထားတဲ့အပေါ်မှာ မထီမဲ့မြင်ပြုတယ်၊ ပြီးတော့ တနိုင်ငံလုံးနီးပါး ဒီမြစ်ဆုံရေတာတာစီမံကိန်းကိုဆန့်ကျင်နေတဲ့ကြားမှာပဲ သူတို့ ဒီစီမံကိန်းကို ရအောင် ဆောက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆက်လုပ်နေတာရှိတယ်”
သို့သော် CPI မှ ကိုယ်စားလှယ်များသည် မြစ်ဆုံရေကာတာ ဆိုင်းငံ့ထားမှုကို တရားဝင်ရုတ်သိမ်းပေးရန် မြန်မာအစိုးရနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့သည့်အပြင် ပြီးခဲ့သည့်လတွင်လည်း ကုမ္ပဏီကိုယ်စားလှယ်များမှ ပြောင်းရွှေ့ခံ ရွာသားများဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး မြစ်ဆုံရေကာတာမှ ကောင်းကျိုးများ ခံစားကြရသည်ဟု အခိုင်အမာ ပြောဆိုခဲ့ကြသည်ဟုလည်း သူမက ပြောသည်။
CPI သည် တရုတ်ပြည်သို့ လျှပ်စစ်ဓါတ်အား ရောင်းချရန်အတွက် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားလျှက်ရှိသော ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်နှင့် ယင်းမြစ်လက်တက်များတွင် ရေကာတာ ရ ခုကို အဓိက လုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်သည်။
နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကော်မရှင်အဖွဲ့ (ICOLD) သည် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) အဖွဲ့အပါအဝင် နိုင်ငံတကာ ရေအားလျှပ်စစ်ကုမ္ပဏီများနှင့် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ဝင်ဖြစ်သည်။
ICOLD အဖွဲ့သည် ပြင်သစ်နိုင်ငံ ပဲရစ် (စ်) မြို့တွင် အခြေစိုက်ပြီး လက်ရှိ ဥက္ကဌမှာ တရုတ်နိုင်ငံဖြစ်သည်။