ဝ နှင့် မိုင်းလားအင်အားမတိုးချဲ့ဘဲ ပါတီထောင်ရန် ဝန်ကြီးဦးသိန်းဌေးဖိအားပေး

ဝ နှင့် မိုင်းလားအင်အားမတိုးချဲ့ဘဲ ပါတီထောင်ရန် ဝန်ကြီးဦးသိန်းဌေးဖိအားပေး
by -
သျှမ်းသံတော်ဆင့်

ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် နှင့် အမျိုးသားဒီမိုကရက်တစ်တပ်မတော်တို့နှင့်တွေ့ဆုံစဉ်   တပ်အင်အားမတိုးချဲ့ဘဲ နိုင်ငံရေးပါတီသာထောင်ရန် ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ဖိအားပေးခဲ့ကြောင်း အမည်မဖေါ်လိုသည့် ဝတပ်ဖွဲ့ဌာနချုပ်အရာရှိ တဦးကပြော ပါသည်။

မြန်မာ့အလင်းသတင်းစာပါ ပြည်ထောင်စုနယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး
“သူ့ခရီးစဉ်က နယ်စပ်ဒေသဖွံ့ဖြိုးရေးလို့တော့ပြောတာဘဲ။ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လဲပြောပါတယ်။ ဒါပေ မယ့် သူအဓိကစောင့်ပေးပြီးပြောတာက သူတို့နဲ့လက်တွဲပြီးနိုင်ငံရေးလုပ်ဖို့ ပါတီထောင်ခိုင်းတယ်၊ တပ်အင် အားတွေမချဲ့ဖို့ စစ်အင်အားနဲ့ဖြေရှင်းရမယ့် ခေတ်ကုန်သွားပြီ၊ ဖွဲ့စည်းပုံအရဆိုရင် တိုင်းပြည်တခုမှာ တပ် မတော်တခုဘဲရှိရမယ်ဆိုတာ ခင်ဗျားတို့ သိထားဖို့လိုတယ်” - ဟု ဝန်ကြီး ဒု-ဗိုလ် ချုပ်ကြီးသိန်းဌေး ကပြော သွားကြောင်း အဆိုပါအရာရှိက သျှမ်းသံတော်ဆင့်သို့ပြောပါသည်။

မေ ၁၀ - ၁၁ ရက် သံလွင်အရှေ့ခြမ်း UWSA ဝ တပ်ဖွဲ့ဌာနချုပ် ပန်ဆန်းနှင့် မိုင်းလားတပ်ဖွဲ့ ဌာနချုပ် မိုင်း လားသို့ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် အဖွဲ့ဝင် ၁၄ ဦးပါ အဖွဲ့က ရောက်ရှိပြီး အဆိုပါတပ်ဖွဲ့များ၏ခေါင်းပိုင်းအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခြင်းဖြစ်ကြောင်း၊ ပြောသည့် အတိုင်းသာ လုပ်ဆောင်မည်ဆိုပါက ယခင်ထောက်ပံ့ကြေးငွေ နှင့် စားနပ်ရိက္ခာများ ပုံမှန်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း  ပြောခဲ့သည်ဟုဆို၏။

“ ဝ နှင့် မိုင်းလား တပ်ဖွဲ့ဟာ တကယ့်ရင်းနှီးတဲ့မဟာမိတ်ဘဲ။ အဲဒါ အစိုးရလဲသိတယ်။ ဝ ကို ပြောတဲ့အတိုင်း မိုင်းလားကိုလာပြောတယ်။ စရဖ ချုပ်ဗိုလ်ရဲမြင့်လေသံအတိုင်းဘဲ။ ဒါပေမယ့် ဗိုလ်ရဲမြင့်ကတော့ အသွင် ပြောင်း ရင်ပြောင်း မပြောင်းရင်ချမယ်လို့ တဲ့တိုးပြောတာ။ ဗိုလ်သိန်းဌေးကတော့ စစ်အင်အားပြိုင်ဆိုင်တဲ့ ခေတ်ကုန်သွားပြီ နိုင်ငံရေးပါတီထောင်ပါ။ လူထုထောက်ခံမှုရယူပါ - အစားထိုးပြောတယ်” - ဟု ကျိုင်းတုံ ဒေသခံ မိုင်းလားခေါင်းဆောင် နှင့်နီးစပ်သူတဦးကပြောပါသည်။

မတ်ခ်ျ ၂၈ ရက်နေ့ကလည်း မိုင်းခတ်အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးသက်နိုင်ဝင်းကလည်း မိုင်းလား နှင့် ဝတပ်ဖွဲ့အား စစ်အင်အားမတိုးချဲ့ဖို့၊ အခြားနိုင်ငံမှ လက်နက်မဝယ်ဖို့၊ ယှဉ်မည်ဆိုပါက အစိုးရတပ်ကို ယှဉ်နိုင် မည်ဟုတ် တိုက်ခိုက်မည်ဆိုပါက ခေတ်မှီတိုက် လေယာဉ် (ကျိုင်းတုံဒေသခံတွေ အသံကြားရတဲ့ ချိန်မှာ ပန်ဆန်းမှာဗုံးကျဲနေပြီ။ အဲလောက်တိုက်ခိုက်နိုင်စွမ်းရှိလေယာဉ်) အမျိုးအစားအား အစိုးရကပိုင်ဆိုင် ထားပြီး အသုံးပြုတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သေးကြောင်း မိုင်းလားတပ်မှူးတဦးကလည်း ပြောပါသည်။

၂၀၁၁ နိုဝင်ဘာ ၄ ရက်ထုတ် အစိုးရပိုင်မြန်မာ့အလင်းသတင်းစာတွင်လည်း “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာဝရ ငြိမ်းချမ်းရေးဆိုသည်မှာ တရားဥပဒေဘောင် အတွင်းသို့ ဝင်ရောက်နေ ထိုင်ရေးပင်ဖြစ်သည်ကို ပကတိအမှန်တရားအရခံယူရမည်ဖြစ်ကြောင်း၊ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်မည်ဆိုပါက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်လိုအပ်သည်မှာလည်း ရှောင်လွှဲ၍မရသော ဖြစ်စဉ်တရပ်ပင်ဖြစ်ကြောင်း -- စသဖြင့် လွှတ်တော်အမတ်တဦး၏ မေးမြန်းချက်အား ပြည်ထောင်စု နယ်စပ် ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ဖြေကြားခဲ့ဖူးပါသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈ ၌ ‘နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်’ ဟု ပါရှိပါသည်။

Most read this week