၂၀၀၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရိုက်ကူးခဲ့သော်လည်း ပြသခွင့် ပိတ်ပင်ခံခဲ့ရသည့် ရုပ်ရှင်၊ ဗီဒီယို ၄၁ ကားကို ပြန်လည် ပြသခွင့်ပြုရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ပြန်ကြားရေး ဝန်ကြီးထံ ခွင့်ပြုချက် တောင်းခံထားသည်ဟု အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။
“ကျနော်တို့လောကကိုယ်စား ကျနော် တင်ပြခဲ့ပါတယ်။ အစိုးရက ပိတ်ခဲ့တဲ့ ရုပ်ရှင် ဗီဒီယို DVD ဇာတ်ကားတွေ ရှိပါတယ်။ အဲဒါတွေကို ခေတ်လည်းပြောင်းသွားပြီ မူဝါဒလည်း ပြောင်းသွားပြီဖြစ်တဲ့အတွက် အခုအခါမှာတော့ ပြန်ပြီးတော့ ဖွင့်ပေးဖို့ ကျနော်တို့က တောင်းဆိုတာပါ။” ဟု ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ဝင်များ တနင်္လာနေ့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်း အစည်းအဝေးခန်းမတွင် တွေ့ဆုံမှုအတွင်း တောင်းဆို ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးက ပြန်လည်စိစစ်၍ ခွင့်ပြုပေးမည်ဟု ကတိပေးခဲ့သည်ဟုလည်း သိရသည်။
၂ဝဝဝ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ၁ဝ နှစ်တာကာလတွင်း ပြသခွင့် ပိတ်ပင်ခံထားရသည့် ရုပ်ရှင်ကားများမှာ နာမည်ကြီး ဒါရိုက်တာများဖြစ်သည့် မိုက်တီး၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မီးပွား စသည့် ဒါရိုက်တာများ၏ ရုပ်ရှင်ကားများလည်း ပါဝင်သည်။
ပိတ်ပင်ခံခဲ့ရသည့် ရုပ်ရှင်ကား ဇာတ်အိမ်များအတွင်း မြန်မာနိုင်ငံ၏ လက်ရှိဖြစ်နေသည့် မြန်မာ့လူမှုဘဝ အဖြစ်အပျက် များကို နှိုင်းယှဉ်ပြထားပြီး ပြုပြင်ပြောင်းလဲရေးအတွက် ဇာတ်လမ်းဆင် ရိုက်ကူးထားသည့် ဇာတ်ကားအများစု ပါဝင်သည်ဟုလည်း ဦဇင်ဝိုင်းက ပြောသည်။
“ဇာတ်လမ်း အသွင်သဏ္ဍန်ကအစ ရည်ရွယ်ချက်ကအစ ပြုပြင်ပြောင်းလဲရေးအတွက် ရိုက်ခဲ့ကြသူတွေက ဆင်ဆာ ပိတ်ခံရတာတွေ များပါတယ်။ တခါတရံမှာ စကားအဓိပ္ပါယ် နှစ်မျိုးထွက်တာတွေကို ကိုယ့်စည်းကို ကိုယ်လုံအောင် လုပ်တဲ့အခါကျတော့ အဲဒီမှာ မလိုလားအပ်ဘဲနဲ့ အနုပညာပစ္စည်းတွေက အလကားနေရင်း ပိတ်ပင်ခံသွားရတဲ့ သဘောပါပဲ။" ဟု ဦးဇင်ဝိုင်းက ဆိုသည်။
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပျက်နေသည့် လွဲမှားမှုများကိုလည်း ရုပ်ရှင်အဖြစ် ဖန်တီးကာ မီးမောင်း ထိုးပြ ရိုက်ကူး တင်ဆက်က ပြည်သူသို့ အသိပေးလိုကြောင်း ဝန်ကြီးနှင့် တွေ့ဆုံမှုအတွင်း တင်ပြတောင်း ဆိုခဲ့သေးသည်ဟုလည်း ဦးဇင်ဝိုင်းက ပြောသည်။
“ဥပမာ အရက်မူးနေတဲ့ ဆရာဝန်တယောက်ကြောင့် ခွဲခန်းထဲမှာ လူနာသေဆုံးတဲ့ အဖြစ်မျိုးတွေ ကျနော်တို့ ရိုက်ချင်ပြီ၊ အဂတိ လိုက်စားတဲ့ တရားသူကြီး တဦးကြောင့် အပြစ်မဲ့သူတဦး ထောင်ဒဏ် ကျခံသွားရတာမျိုး ကျနော်တို့ ရိုက်ချင် ပြီ။ မြေစိုက်တဲထဲက လူဆင်းရဲတွေဘဝကို ကျနော်တို့ ရိုက်ချင်ပြီ။ ဒါတွေဟာ ကျနော်တို့ အစိုးရကို ဆန့်ကျင်တာ မဟုတ်ဘူး။” ဟု ဦးဇင်ဝိုင်းက မဇ္ဈိမကိုပြောသည်။
ရုပ်ရှင်အစည်းအရုံး၏ တင်ပြတောင်းဆိုမှုများနှင့်ပတ်သက်၍ ဝန်ကြီးက သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု တုန့်ပြန်ပြောဆိုသွားသည်ဟုလည်း သိရသည်။
ဦးကျော်ဆန်း၏ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကိုလည်း ယခုနှစ် ဇွန်လအတွင်း ထားရှိတော့မည်မဟုတ်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒု-ညွှန်ကြား ရေးမှူးချုပ် ဦးတင့်ဆွေက မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းမှု တခုအတွင်း ပြောဆိုထားသည်။