နိုင်ငံရေး ပါတီ ၆ ခုမှ ခေါင်းဆောင်များ သြစတြေးလျတွင် နိုင်ငံရေး သင်တန်း တက်ရောက်မည်

နိုင်ငံရေး ပါတီ ၆ ခုမှ ခေါင်းဆောင်များ သြစတြေးလျတွင် နိုင်ငံရေး သင်တန်း တက်ရောက်မည်
by -
နိရဥ္စရာ

မြန်မာနိုင်ငံ လက်ရှိနိုင်ငံရေး ပါတီ (၆) ခုမှ ခေါင်းဆောင်များသည် သြစတြေးလျ နိုင်ငံတွင် နိုင်ငံရေး သင်တန်း တက်ရောက်ကြမည် ဖြစ်ကြာင်း သတင်း ရရှိသည်။

သင်တန်း တက်ရောက်ကြမည့်သူများထဲတွင် ဦးလှစော (RNDP)၊ ဦးဇိုဇမ် (CNP)၊ ဒေါက်တာသန်းငြိမ်း (NDF)၊ ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီ)၊ ဦးထွန်းသိန်း (တစည)၊ ဦးလှမောင် (ဒီမိုကရက်တစ်ဖွံ့ဖြိုးရေးပါတီ) တို့ ဖြစ်ကြသည်။

" ကျနော်တို့ကို တက်ရောက်ဖို့ ခေါ်တာက Centre For Democratic Institute (CDI) ကပါ။ အဲဒီအဖွဲ့က Australia National University အောက်က အဖွဲ့အစည်းတခုပါ။ အဲဒီက လုပ်တဲ့ Political program တခုပါ။ Program ကတော့ မေလ ၂၁ရက်ကနေ ၂၅ရက်ထိ ပြုလုပ်မှာ ဖြစ်ပါတယ်" ဟု RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစောက နိရဥ္စရာသို့ ပြောသည်။

၎င်း Political Party Leadership Program အား ကမ်ပါရာမြို့တွင် ပြုလုပ်မည် ဖြစ်ပြီး တက်ရောက်မည့် သူများထဲတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးသမားများ သာမက အင်ဒိုနီးရှားနိုင်ငံမှ ၄ဦး၊ ထိုင်းနိုင်ငံမှ၂ဦး၊ ဖိလစ်ပိုင် နိုင်ငံမှ ၁ ဦး၊ မလေးရှားနိုင်ငံမှ ၁ဦး ဖြစ်ကြောင်း ဦးဦးလှစောက ပြောသည်။

" ကျွန်တော်တို့ နိုင်ငံနဲ့ပါ ဆိုရင် စုစုပေါင်း ၁၄ဦးတက်ရောက် ကြမှာ ဖြစ်ပါတယ်။ သူတို့ အခုလို လုပ်တာကတော့ ဒီမိုကရေစီ နိုင်ငံတွေက ပါတီတွေ အချင်းချင်း အတွေးအခေါ်တွေ ဖလှယ်ဖို့၊ နောက် ဒီမိုကရေစီ ပါတီတွေရဲ့ လုပ်ထုံလုပ်နည်းတွေ၊ အခက်အခဲတွေကို သူတို့က ဆွေးနွေးတိုင်ပင်မှာပေါ့၊ အဲဒီလိုမျိုး ပရိုဂမ် လုပ်မှာပါ" ဟု ပြောသည်။

RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစော သည် မေလ ၁၈ရက်နေ့တွင် ရန်ကုန်မှ သြစတြေးလျသို့ ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။

Most read this week