လယ်မြေအဓမ္မ သိမ်းယူမှု မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးမည်

လယ်မြေအဓမ္မ သိမ်းယူမှု မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးမည်
by -
မဇ္ဈိမ

နိုင်ငံတော် စီမံကိန်းများ အကြောင်းပြ၍ ပုဂ္ဂလိက ကုမ္ပဏီအချို့က လယ်မြေများ သိမ်းယူနေမှု များကို မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးရိုက်ကူးကာ မြန်မာနိုင်ငံအတွင်း ပြသနိုင်ရန် စီစဉ်နေသည်ဟု ရုပ်ရှင်ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“လယ်သမားတွေကလည်း ပေါ်တင် ပြောပါတယ်။ တိုင်းပြည်အတွက်ဆို လုပ်ပါ။ သူတို့ ရတယ် ငတ်ပါစေ။ တိုင်းပြည် ကောင်းဖို့အတွက်ဆို သူတို့ ခံလိုက်မယ်ပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ ပုဂ္ဂလိက နာမည်တွေနဲ့ သိမ်းထားတာတွေပေါ့။ အဲဒီလိုဆိုတော့ နိုင်ငံအတွက်လည်း မဟုတ်ဘူး ဒီ Crony တွေ ကောင်းစားဖို့အတွက် သိမ်းတာကို ကျနော် မခံချင် ဖြစ်တာဗျ။ အဲဒီလိုဟာတွေက မြန်မာပြည် အနှံ့မှာ ဖြစ်နေတဲ့အခါကျတော့ ဒါကို ကျနော် ရိုက်ပြသင့်တယ်လို့ထင်လို့ ကျနော်ရိုက်တာပါ” ဟု လယ်သမားများထံ ကွင်းဆင်း လေ့လာနေသည့် ဒါရိုက်တာ ဝိုင်း က ပြောသည်။

ဒါရိုက်တာဝိုင်းသည် မေလအတွင်း ပြင်ဦးလွင်မြို့နယ်သို့ သွားရောက်ကာ လယ်သမားများနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါဒေသတွင် လယ်သမား အယောက် ၄ဝ ၏ မြေဧက ၁,၇၀၀ ကို ကုမ္ပဏီတခုမှ သိမ်းယူထားသည်ဟုလည်း ဆိုသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်၍ မြေယာဥပေဒများ၏ အကျိုးသက်ရောက်မှုကို လေ့လာနေပြီး၊ ဥပဒေ ပညာရှင်များနှင့်လည်း တိုင်ပင်ညှိနှိုင်းကာ လုပ်ဆောင်သွားမည်ဟုလည်း ဝိုင်းကပြောသည်။

မှတ်တမ်းရုပ်ရှင်အတွင်း လယ်မြေသိမ်းယူမှုကြောင့် လယ်သာ လုပ်ကိုင်စားသောက်တတ်သည့် လယ်သမားများ၏ စားဝတ်နေရေး၊ သားသမီးများ၏ ပညာရေး၊ လယ်သိမ်းယူမှုကြောင့် ပြည်ပနိုင်ငံထွက်ကာ အလုပ်လုပ်နေကြရသည့် လယ်သမားများ၏ ဘဝများကိုလည်း ထည့်သွင်း ရိုက်ကူးသွားမည် ဖြစ်သည်။

“လယ်သမားတိုင်း ကြံုတွေ့နေရတဲ့ အဓိက ပြဿနာ တခုက ဘာလဲဆိုတာ ကျနော် ပိုပြီးတော့ မီးမောင်းထိုးပြချင် တာပါ။ ဒါတွေဟာ မလုပ်သင့်ပါဘူး ဆိုတာလည်း မီးမောင်း ထိုးပြချင်ပါတယ်။ သူတို့မှာ စားဝတ်နေရေးတွေ ကျန်းမာရေးတွေ ဆုံးရှုံးမှုတွေ ဖြစ်နေတယ်ဆိုတဲ့အချက်က အဓိက အရေးပါပါတယ်” ဟုလည်း ဝိုင်းက ပြောသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်အတွက် လယ်မြေသိမ်းယူမှု ဖြစ်စဉ်များ ဖြစ်ပေါ်နေသည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်တို့သို့ ကွင်းဆင်းကာ ရိုက်ကူးမည်ဖြစ်ပြီး ရိုက်ကူးပြီးစီးချိန်တွင် တနိုင်ငံလုံးသို့ ဖြန့်ချိပြသွားသွားမည်ဟု ဆိုသည်။

ထို မှတ်တမ်းတင် ရုပ်ရှင်ကား ရိုက်ကူးလိုမှုနှင့် ပတ်သက်၍လည်း အာဏာပိုင်များဘက်မှ တုန့်ပြန်နိုင်မှုနှင့် ပတ်သက်၍ “ဒီကားကတော့ သူတို့ရဲ့ သဘောထားကြီးမှုနဲ့ ဒီမိုကရေစီလမ်းပေါ် လျှောက်မလျှောက်ဆိုတာ ဒီကားက အဖြေပါပဲ” ဟု ဝိုင်းက ပြောသည်။

ကုမ္ပဏီများ မြေယာသိမ်းယူမှုနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီနှင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရွှေနံ့သာနှင့် ပေါင်းကူရွာတို့မှ လယ်သမားတို့ အချင်းများလျက်ရှိနေပြီး ဇေကမ္ဘာကုမ္ပဏီသည် အဆိုပါဒေသရှိ လယ်ဧက ၈၀၀ ကျော်ကို စက်မှုဇုန် စီမံကိန်းအတွက် ၂၀၁၀ ခုနှစ်အတွင်း သိမ်းယူခဲ့ခြင်း ဖြစ်သည်။

လယ်မြေများပေါ်တွင် စီမံကိန်း ဆိုင်းငံ့ရန်နှင့် ယခုနှစ်အတွက် ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ်ရန် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ယခုလ ၉ ရက်နေ့တွင် တားမြစ်ချက် ထုတ်ပြန်ထားသည်။

လယ်သမားများ၏ နစ်နာမှုများကို တင်ပြတောင်းဆိုနိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများမှ လယ်မြေသိမ်းယူမှုများကို ကာကွယ်နိုင်ရန် ဖြေရှင်းရန် “စုပေါင်းညီညာ စက်မှုလယ်ယာကုမ္ပဏီ” ကို ယခုလ ၁၇ ရက်နေ့တွင် မှတ်ပုံတင်မည် ဟုလည်း ရွှေနံ့သာ လယ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့က စက်မှုလယ်ယာ ကုမ္ပဏီတခု တည်ထောင်မယ်၊ ကုမ္ပဏီတွေရဲ့ နှောက်ယှက်တာတွေ လူလည်ကျတာတွေ ခံရတာကြောင့် စနစ်တကျ စုစည်းပြီး ထူထောင်မယ်။ လယ်ယာထွက်ကုန်တွေကို ကုမ္ပဏီကနေ ကျနော်တို့ ရောင်းမယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

Most read this week