အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်ကို တိုင်းရင်းသား အဖွဲ့အစည်းများ ကြိုဆို

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်ကို တိုင်းရင်းသား အဖွဲ့အစည်းများ ကြိုဆို
by -
မဇ္ဈိမ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ်တွင် ဆုံးဖြတ်ချက် ချနိုင်သည့် ထိပ်ပိုင်း ခေါင်းဆောင်များ ပါဝင်လာသဖြင့် နိုင်ငံရေးပြဿနာ ဖြေရှင်းရာတွင် ထိရောက်မည်ဟု မျှော်လင့်ရကြောင်း တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လေ့လာသူများက ကြိုဆိုလိုက်သည်။

နိုင်ငံတော် သမ္မတ၊ ဒု-သမ္မတများနှင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များလည်း ပါဝင်လာသဖြင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုတွင် ယခင်ထက် ပို၍  ထိထိရောက်ရောက် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်သည်။

“တာဝန်ရှိ ပုဂ္ဂိုလ်အားလုံးလိုလို ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ပါဝင်တဲ့အတွက်ကြောင့် ဒီဟာကိုတော့ ကြိုဆိုရမှာ ဖြစ်တယ်။ တဖက်ကလည်း တပ်ဖက်က အရေးပါတဲ့ ခေါင်းဆောင်များ ပါတဲ့အတွက်ကြောင့် စစ်တပ်နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အပိုင်းမှာ တပ်ကို ညွန်ကြားတာပဲဖြစ်ဖြစ်၊ ဖြစ်နေတဲ့ လုပ်ငန်းဖော်ဆောင်ရေးမှာ အကျိုးရှိတယ်လို့မြင်ပါတယ်”ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး ပဒိုဒေးဗစ်ထော က ပြောသည်။

တပ်မတော် ခေါင်းဆောင်များ၊ စစ်တိုင်းမှူးများလည်း ပါဝင်သဖြင့် လက်ရှိပြဿနာများကို ဖြေရှင်းရန် ပိုမို အလားအလာ ကောင်းကြောင်း ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S က ယူဆသည်။

“ကောင်းတဲ့ လက္ခဏာ တခုပဲ။ မပြေလည်သေးတဲ့ ပြဿနာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုလည်း အရင်ကထက် ပိုပြီးတော့ ဆွေးနွေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့နဲ့ သဘောတူညီမှု ရပြီးနောက် ပြဿနာ ဖြစ်တာက တပ်ပိုင်းနဲ့ဖြစ်တယ်။ ခု တပ်ပိုင်းခေါင်းဆောင်တွေ ပါလာတယ်ဆိုတော့ တခါတည်း သူတို့နဲ့ ဆွေးနွေးတဲ့နေရာ ပိုပြီး အဆင်ပြေသွားမယ်”ဟု SSA-S မှ ဗိုလ်မှူး ဆိုင်းလောဝ်စိုင်းက ပြောသည်။

KNU နှင့် SSA-S က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရထားပြီး ဖြစ်ပြီး အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ၎င်းအဖွဲ့နှစ်ခုသည် မေလအတွင်း သီးခြားစီ ထပ်မံတွေ့ဆုံရန် ရှိကြောင်း သိရသည်။

ယခု ငြိမ်းချမ်းရေး အဖွဲ့သစ်တွင် အခွင့်အာဏာရှင်သူများနှင့် လက်တွေ့ အကောင်အထည်ဖော်မည့်သူများ ပါဝင်လာ သဖြင့် ဘက်ပေါင်း စုံလာသည်ဟု ယူဆကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“ကြိုဆိုတယ်။ ဒါပေမယ့် အဲဒီလို အကြိမ်ပေါင်းများစွာ ဖွဲ့ပြီး အခိုင်အမာ အကောင်အထည်ဖော်ဖို့ကိစ္စ ရှိတာကိုး။ လူနည်းနည်းနဲ့ အာဏာမရှိတဲ့လူတွေ လုပ်ခဲ့တော့ ဘာမှ သိပ်အရာ မရောက်ဘူး။ ခုဟာက ဗဟိုနဲ့ အောက်က ပါဝါရှိတဲ့၊ အလုပ်လုပ်မယ့် လူတွေနဲ့ ဖွဲ့တာက ပိုပြီးတော့ ကောင်းတယ်။ ဘက်ပေါင်းစုံကနေ စဉ်းစားနိုင်တယ်”ဟု မဇ္စျိမကို ပြော သည်။

“တကယ်တမ်း အလုပ်လုပ်မယ်ဆိုရင် အခုအဖွဲ့က အများကြီး authorities ရှိတယ်။ အောက်က တပ်ကိစ္စ ဖြေရှင်းတဲ့ အခါမှာ အခိုင်အမာဖြေရှင်းဖို့ ရနိုင်တဲ့အထိ ဖြစ်မယ်။ ဟိုတုန်းကလို စကားလည်း ပြောလိုက်၊ ကြည့်ကောင်းအောင် ပြောပြီး လက်မှတ်ထိုးရုံနဲ့ ပြီးမှာ မဟုတ်ဘူး”ဟု သူက ဆက်ပြောသည်။

နှစ်ပေါင်း ၆ဝ ကျော်ကြာ နိုင်ငံရေးပြဿနာကို အပစ်အခတ် ရပ်စဲရုံဖြင့် ပြေလည်နိုင်မည် မဟုတ်ဘဲ အခြေခံကျသည့် နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်အတွက် အချိန်ကာလတခု ယူ၍ဆွေးနွေးဖြေရှင်း မှသာလျှင် တိုင်းရင်းသားအရေး ကိစ္စ ပြေလည်နိုင်မည်ဟု ဦးအောင်ကျော်ဇော က ဆိုသည်။

နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံတို့က ငြိမ်းချမ်းရေး အောင်မြင်ရေးအတွက် ငွေကြေး အကူအညီများ ပေးမည်ဟု တွန်းအားပေးလိုက်ခြင်းမှာလည်း ယခုကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ဖွဲ့စည်းရခြင်း အကြောင်းရင်းတခု ဖြစ်နိုင်သည် ဟု ဦးအောင်ကျော်ဇော က ယူဆသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကမူ ငြိမ်းချမ်းရေး အတွက် မူဝါဒနှင့် ယုံကြည်မှုသာလျှင် အရေးကြီးကြောင်း KIO မှ ပြောခွင့်ရ ဦးလနန်က ပြောသည်။

“အဓိက မူပါပဲ။ ဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်ဆိုတာက ချမှတ်ထားတဲ့ မူအပေါ်မှာပဲ သွားရမယ်ဆိုတော့ ပုဂ္ဂိုလ် အပေါ်မှာ အခြေခံတာ မဟုတ်ဘဲ။ ချမှတ်ထားတဲ့ မူဝါဒ၊ အရေးကြီးဆုံးက ပေါ်လစီပါ။ တဖက်နဲ့တဖက် အယုံအကြည် ရှိအောင် ပြောဆိုနိုင်မှုက အဓိကပါ”ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ အစိုးရ၏ မူများဖြစ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအား လွှတ်တော်အတွင်း ဝင်ရောက်လာစေ၍ အခြေခံ ဥပဒေရေးရာများ ဆွေးနွေးစေခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများအား ကာကွယ်ရေး ဦးစီးချုပ်လက်အောက် နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းလဲစေခြင်း ဆိုသည့်အတိုင်း ဆွေးနွေးမည်ဆိုပါက ထူးခြားလာမည် မဟုတ်ကြောင်း ဦးလနန် က ဆက်ပြောသည်။

KIO နှင့် အစိုးရတပ်များအကြား ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ ၁၁ လ ပြည့်သွားပြီ ဖြစ်သည်။ ထိုကာလအတွင်း တိုက်ပွဲအကြိိမ်ပေါင်း ၁,၃ဝ၉ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မေလ ၃ ရက်နေ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ဖွဲ့စည်းကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသော်လည်း အစိုးရကမူ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။