လေးနိုင်ငံအလိုရှိမူးယစ်ရာဇာအဖမ်းခံရသော်လည်း မူးယစ်ဆေးဝါးပြဿနာကွယ်ပျောက်မည်မဟုတ်

လေးနိုင်ငံအလိုရှိမူးယစ်ရာဇာအဖမ်းခံရသော်လည်း မူးယစ်ဆေးဝါးပြဿနာကွယ်ပျောက်မည်မဟုတ်
by -
သျှမ်းသံတော်ဆင့်

ရွှေတြိဂံဒေသ၌ နာမည်ကြီး လက်နက်ကိုင်အဖွဲ့တဖွဲ့ခေါင်းဆောင် စိုင်းနော်ခမ်းအဖမ်းခံရသော်လည်း မူးယစ်ဆေးဝါး ပြဿနာ ပပျောက်မည်မဟုတ်ကြောင်း သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေး  အဖွဲ့ခေါင်းဆောင်က ပြောသည်။

Opium_Firm
“မူးယစ်ဆေးဝါးကနော်ခမ်းနဲ့လာတယ်လို့ပြောရင် အခု နော်ခမ်း သွားလဲ မူးယစ်ဆေးဝါးလဲ သွားရမှာပေါ့ ။ သို့သော်လည်း ဘဲ မူးယစ်ဆေးဝါးပြဿနာဟာ နော်ခမ်းနဲ့လာတာ မဟုတ်ဘူး။ နော်ခမ်းမမွေးခင် ကတည်းက ဖြစ်လာတဲ့ပြသနာဖြစ်တယ်။ ဒါကြောင့်မို့လို့ နော်ခမ်းမရှိရင်လဲ တဗိုလ်ဆင်း တဗိုလ်တက် ဘဲဖြစ်မှာဘဲ” ဟု သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာ ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက ပြောသည်။

လက်ရှိတွင် စိုင်းနော်ခမ်းမှာ လာအိုနိုင်ငံ ဝိန်းဇန် (ဗီယန်ရှင်း) ၌ရှိနေသေးကြောင်း၊ မကြာမှီ တရုတ်အစိုးရထံ လွှဲအပ်ဖွယ်ရှိကြောင်း၊ စိုင်းနော်ခမ်းအဖမ်းခံရသော်လည်း လက်ရှိ တာချီလိတ်မြို့ မူးယစ်ဆေးဝါးရောင်း ဝယ်မှု ပုံမှန်ရှိနေသေးကြောင်း တာချီလိတ် မြို့ခံတဦးက ပြောပါသည်။

“မူးယစ်ဆေးဝါးပြသနာ ဖြစ်ပေါ်လာတာနှစ်ပေါင်းများစွာကြာပါပြီ၊ နိုင်ငံရေးပြသနာနဲ့ ပတ်သက်ဆက်နွယ် တယ်။ လူမျိုးစုတိုက်ဖျက်ရေးနဲ့ပတ်သက်ဆက်နွယ်တယ်။ လူ့အခွင့်အရေးကျူးလွန်မှုစတာတွေဘဲ။ အစိုးရ အဆက်ဆက် ကျနော်တို့ တိုင်းသူပြည်သားတွေ နှိပ်စက်ခံရတာတွေဟာမူးယစ်ဆေးဝါးနဲ့အားလုံးပတ်သက် နေတာဘဲ။ အစိုးရအဆက်ဆက် နိုင်ငံရေး အခြေခံပြီးဖြစ် တဲ့ပြသနာက အရင်းအမြစ်ကနေအစိုးရ ကိုယ်တိုင် စိတ်ထားဖြူဖြူစင်စင်နဲ့ လက်တွဲတိုက်ဖျက်မှ ရနိုင်မဲ့ကိစ္စပါ” - ဟု သျှမ်းပြည်တပ်တော်တောင်ပိုင်းတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး လောဝ်ဆိုင်က ပြောပါသည်။

အစိုးရအဆက်ဆက် မူးယစ်ဆေးဝါးတိုက်ဖျက်သည်ဟုဆိုသော်လည်း အစိုးရ၏ နိုင်ငံရေးမူဝါဒထောက်ခံ သူအား မူးယစ်ဆေးဝါးနှင့်ပတ်သက်ခွင့်ပြုနေသဖြင့် ပပျောက်ခြင်းမရှိဖြစ်ရကြောင်း၊ သမ္မတသစ်လက် ထက်ပြုပြင် ပြောင်းလဲရေး လုပ်ငန်း ၌ အဓိကဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တခုဖြစ်ကြောင်း ဦးခွန်စိုင်းကဆက် ၍ ပြောသည်။

“ခေတ်အဆက်ဆက် အစိုးရက မူးယစ်ဆေးဝါးကို အကြောင်းပြုပြီးတော့ နိုင်ငံရေးဖက်မှာ သူ့ကိုထောက်ခံတဲ့ လူဆိုရင် သူက လုပ်ခွင့်ပေးတယ်။ သူ့ကိုမထောက်ခံတဲ့လူဆိုရင်လုပ်ခွင့်မပေးဘူး။   နို်င်ငံရေးဖက်မှာအစိုးရကို ထောက်ခံတဲ့လူကို မူးယစ် ဆေးဝါးနဲ့ ပတ်သက်ခွင့်ပြုနေတဲ့ကာလပတ်လုံး  ဒီလိုမျိုးကိစ္စတွေပျောက်သွားမယ် လို့ ကျနော်တို့ မပြောနိုင်ဘူး။ စိုင်းနော်ခမ်း ဟာလဲဘဲ အစိုးရ အားပေးတဲ့ပြည်သူ့စစ်အဖွဲ့တွေထဲကနေပေါ်လာ တဲ့အဖွဲ့ဖြစ်တယ်။ ဒါကြောင့်မို့လို့   သမ္မတကြီးဦးသိန်းစိန်တက်လာတဲ့နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုရင် တခုလုပ်ရမယ့်ဟာက မူးယစ်ဆေးဝါးပြသနာဘဲ။ ဒီပြသနာမှာ ပြောင်းလဲရမယ့်ဟာကလူထုကို ရိုးရိုးကူညီရုံတင်မကဘူး။ နိုင်ငံရေးအရ  ထောက်ခံမှုရမှ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခွင့်ပေးမယ်ဆိုတဲ့ပေါ်လစီ မျိုး ကိုလဲ ရုပ်သိမ်းဖို့လိုပြီ။ ဒီမူးယစ်ဆေးဝါးကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုတာကို ရပ်တန့်နိုင်မှပျောက် နိုင်မယ် ” ဟု ရှင်းပြသည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ဇာတိ စိုင်းနော်ခမ်းသည် ခွန်ဆာဦးဆောင်တဲ့ မုန်းတိုင်းအာမီ MTA လက်နက် ချစဉ် ပါ၀င် သူတဦးဖြစ်ပြီး တာချီလိတ်မြို့နယ် အတွင်း ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်အဖြစ်ရပ် တည်ခဲ့သည်။ ဧပြီလနှောင်းပိုင်းက ထိုင်း အစိုးရက မူးယစ်ရာဇာ၂၅ ဦးဖမ်းမိန့်ထုတ်ပြန်ရာတွင်နော်ခမ်းမှာ ထိပ်ဆုံးကပါဝင်ခဲ့ပြီး ထိုင်းအစိုးရအပြင် တရုတ် အစိုးရက အမှု ၂၉ မှု လာအိုအစိုးရက ရ မှု နှင့်မြန်မာအစိုးရ က ၁၅ မှုဖြင့် အလိုရှိနေသော  ရွှေ တြိဂံဒေသ၏ မူးယစ် ရာဇာ အဖြစ် နာမည်ကြီးနေသူဖြစ်သည်။လာအိုနိုင်ငံ ၌ အဖမ်းခံရပြီး ၂ ရက်အကြာ လာအိုအစိုးရက တရုတ်အစိုးရထံလွဲ အပ်လိုက်ပြီဖြစ်ကြောင်းသတင်းထွက်နေ ပါသည်။