ကြွေလွင့်ခြင်းနောက်ကွယ်ကအမှန်တရား

ကြွေလွင့်ခြင်းနောက်ကွယ်ကအမှန်တရား
by -
သျှမ်းသံတော်ဆင့်

ပြီးခဲ့တဲ့အပတ်ထဲမှာ UN အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိခဲ့ပါတယ်။ ဒီခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲတွေ၊ အထင်ကရဒေါ်အောင်ဆန်းစုကြည်အပြင် တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးကိုလဲ တွေ့ဆုံဖို့ အစီအစဉ်ထဲမှာပါရှိပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲမှာ UN အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိခဲ့ပါတယ်။ ဒီခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲတွေ၊ အထင်ကရဒေါ်အောင်ဆန်းစုကြည်အပြင် တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးကိုလဲ တွေ့ဆုံဖို့ အစီအစဉ်ထဲမှာပါရှိပါတယ်။ ဒါပေမယ့် ဒီတွေ့ ဆုံပွဲမှာ ခွန်ထွန်းဦးကိုယ်တိုင်ဘာလို့ မပါဝင်ရသလဲ - အကြောင်းစုံသိရအောင် SNLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
လားရှိုးလေဆိပ်၌တွေ့ရသော ခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင်( ဓါတ်ပုံ- www.kawli.info)
ဒီမနက် ဆရာဦးမြင့်သန်းရဲ့ ဆွမ်းသွတ်လှူဒါန်းပွဲ SNLD က တက်ရောက်တယ်လို့ကြားပါတယ်။ အခြေ အနေလေးပြောပြပေးပါလားခင်ဗျ။

ဆရာဦးမြင့်သန်း ရဲ့ ကွယ်လွန်ခြင်း ၆ နှစ်ပြည့်အထိမ်းအမှတ် ဆွမ်းသွတ်ပွဲ ကျင်းပတယ်။ သူ့ရဲ့ ကျန်တဲ့ သားတယောက်နဲ့ ချွေးမရယ် လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဦးထွန်းညို၊ စိုင်းမျိုးဝင်းထွန်း၊ စိုင်းညီညီမိုး တို့က ကမကထပြုတယ်။ ကျနော်တို့ ဥက္ကဌ နဲ့အတွင်းရေးမှူးတို့ဟာ ဆရာဦးမြင့်သန်းနဲ့အတူ ၂၀၀၅ ခုနှစ်မှာ အမှုတွဲတခုထဲမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ အဲလိုအဖမ်းခံရတဲ့အကြောင်း ရင်းကိုပြန်ကြည့် ရင် သူတို့ဟာ သျှမ်းပြည်အတိုင်ပင်ခံကောင်စီဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး မတရားစွပ်စွဲဖမ်းဆီးခံရ တာဖြစ်တယ်။ ဒီနေ့ သူ့ရဲ့ အထိမ်းအမှတ်ကိုဝင်ရောက်တဲ့အကြောင်းရင်းကလဲ အရင်က စွပ်စွဲခံရတာ ဟာ မဟုတ်မမှန်ဘူး။ ဒါကြောင့် ကျနော်တို့လူကြီးတွေဟာ သျှမ်းပြည်သူ ပြည်သားတွေ ရသင့်ရထိုက် တဲ့အခွင့်အရေးတွေ တောင်းဆိုဖို့  အမျိုးသားညီလာခံမှာ တက်ရောက်နေတဲ့ပုဂ္ဂိုလ်တွေ နိုင်ငံရေး ဆိုင်ရာ အကြံပြုပေးနိုင်ဖို့ အဲဒီအတိုင်ပင် ခံကောင်စီကို ကြိုးစားလုပ်ဆောင်ရခြင်းဖြစ်တယ်။ ဒါကြောင့် မို့လို့ ဥပဒေနဲ့ညှိစွန်းတာ ဘာမှမရှိဘူး။   မတရားသဖြင့် ကြိုးစားဆောင်ရွက်တာ မရှိဘူးဆိုတာကို သက်သေပြရင်း ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဆရာဦးမြင့်သန်း ထောင်ထဲမှာ ကျဆုံးသွားရတဲ့ အတွက်ဝမ်းနည်းခြင်းသဘောမျိုးအနေနဲ့ လာရောက်ပြသတဲ့ အနေနဲ့ အခမ်းအနား တက်ရောက်ခြင်း ဖြစ် ပါတယ်။

SNLD  က ဘယ်ပုဂ္ဂိုလ်တွေ တက်ရောက်ပါသလဲခင်ဗျ။

ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင် အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းရွှေကြူး ပြောရေးဆိုခွင့်ရှိ သူ စိုင်းလိတ်နဲ့ လူငယ်အဖွဲ့က ၂ ယောက် ၃ ယောက်တက်ရောက်ကြတယ်။ SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထဲန့်လဲ တက်ရောက်တယ် သူလဲ အမှုတွဲမှာပါတော့လေ။ တခြားပုဂ္ဂိုလ်တွေအနေနဲ့ ဝမ့်ဟိုင်းက ပုဂ္ဂိုလ်တွေလာတယ်။ အသွင်ပြောင်းထားတဲ့ စိန်ကျော့ကဒုတိယခေါင်းဆောင် ဗိုလ်ချုပ် ကိုင်ဖှ တို့လာတယ်။ ဆက်ဆံရေးရုံး လာဖွင့်ထားတဲ့ SSA တောင်ပိုင်းက ပုဂ္ဂိုလ်တွေလဲ လာတာ တွေ့ ရတယ်။ အောက်ပိုင်းက ရန်ကုန်ဖက်ကလာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကတော့ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဂျင်မီ အစရှိတဲ့ခေါင်း ဆောင်တွေ အကုန်လုံး ၂၀ ကျော်လောက်တက်ရောက်တာ တွေ့ရပါတယ်။

တက်ရောက်တဲ့ခေါင်းဆောင်တွေက ဘာတွေ ပြောကြားခဲ့ကြသလဲခင်ဗျ။

ကျနော်တို့ ဆွမ်းသွတ်ပွဲတက်ရောက်တယ်ဆိုတာက လုပ်ဖော်ကိုင်ဖက်တယောက် ကွယ်လွန်လို့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့တက်ရောက်ပြီး အလှူအဒါန်းပြုတာ ရေစက်ချပေးခြင်းလုပ်တာပါ။ ၈၈ အဖွဲ့ကတော့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ လူထုတွေ့ဆုံပွဲတွေလုပ်သွားမယ်လို့ ဖိတ်စာတွေကမ်းလှမ်း ထားတာတွေ့ရပါ တယ်။ တခြားနိုင်ငံရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးပြောဆိုတာ တော့မရှိပါဘူး။

ပြန်ပြောရရင် ဆရာဦးမြင့်သန်းက ဘာဖြစ်လို့ ထောင်ထဲမှာဆုံးသွားရတာလဲခင်ဗျ။

အတိအကျကတော့ ခွဲစိပ်ပေးတဲ့ဆရာဝန်တွေဘဲသိမှာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ကြားသိရ သ လောက် ကတော့ ၂၀၀၅ သူပြစ်ဒဏ်မချခင်ကတည်းက ရန်ကုန်မှာ စစ်ထောက်လမ်းရေးတွေရဲ့ မကြာ ခဏ ဖမ်းဆီးရိုက်နှက်ညှင်းပမ်းနှိပ်စက်ခြင်းကိုမကြာခဏခံရတော့ သူမှဪ ခံနိုင်ရေအား ကျတယ်။ သူကိုယ်၌က သတ်သတ်လွတ်စားတယ် ဆေးလိပ်အရမ်းသောက်တယ်။ ဒီဟာတွေကြောင့် သူဟာ လုံးပါးပါးပြီး ဆုံးသွားတယ်လို့ကြားရပါတယ်။

တကယ်လို့ဆရာဦးမြင့်သန်းထောင်ထဲမှာမကွယ်လွန်ရင် ခုလောက်ဆိုရင် တမှုတွဲထဲကျတဲ့ ခွန်ထွန်းဦး တို့ စိုင်းညွန့်လွင်တို့နဲ့အတူ ပြင်ပလောကကိုပြန်ရောက်လာနေပြီပေါ့နော်။ ဒီဖြစ်ရပ်တွေအပေါ် ခွန်ထွန်းဦးတို့ ဘယ်လိုပြောကြသလဲခင်ဗျ။

ဒီကိစ္စအလွန်ကိုမှ ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှတယ်ဗျာ။ ကျနော်တို့ သျှမ်းပြည်နယ်သူ ပြည်နယ် သား အားလုံးရဲ့ ကိုယ်ပိုင်ရပိုင်ခွင့် ပင်လုံမူအတိုင်း တိုက်ပွဲဝင်နေရင်းနဲ့ ကျဆုံးသွားတဲ့ နိုင်ငံရေးသမား ကောင်းတယောက် သျှမ်းပြည်နယ်အပေါ်ကို အင်မတန်စေတနာထားတဲ့လူတယောက် အချိန်မတန် သေးဘဲနဲ့ စောစောစီးစီးကြွေလွင့်သွား တဲ့အတွက်အင်မတန်ဝမ်းနည်းစရာ ကောင်းတဲ့ကိစ္စ ရပ်ပါ။ ကျနော်တို့ ဥက္ကဌ အတွင်းရေးမှူးအပါအဝင် ကျနော်တို့ တဖွဲ့လုံးက ဒီလိုဘဲခံယူပါတယ်။

တနည်းအားဖြင့် ဆရာရှိတုန်းက သျှမ်းပြည်ပညာရှင်များအတိုင်အပင်ခံဖွဲ့ဖို့ လုပ်ကြတယ်ဆိုတော့ အခုလို ပြန်လည်တွေ့ဆုံကြတဲ့အခါမှာလည်း အဲဒီကိစ္စဆက်ပြီးလုပ်ဖို့ ပြောဆိုဖြစ်ကြသေးလား။

မရှိလောက်တော့ဘူး။ သျှမ်းပြည်အတိုင်အပင်ခံကောင်စီဖွဲ့တဲ့ရည်ရွယ်ချက်က အမျိုးသားညီလာခံ တက်တဲ့ သျှမ်းပြည်ကိုယ်စားလှယ်တွေကို   နိုင်ငံရေးဆိုင်ရာ အကြံညာဏ်ပေးဖို့ရည်ရွယ်တယ်။ ဒါပေ မယ့် မအောင်မြင်ခင်မှာဘဲ မတရားစွပ်စွဲခံရတယ်ဖမ်းဆီးခံရတယ်။ ဒီနေ့ဒီချိန်မှာနိုင်ငံရေးလွှတ်တော် နိုင်ငံရေးလမ်းကြောင်းနဲ့သွားတေတော့ အဲဒီအတိုင်ပင်ခံကောင်စီဖွဲ့စည်းဖို့ ရည်ရွယ်ချက်နဲ့ လုပ်ငန်း စဉ်အားဖြင့် အချိန်ကာလနဲ့သဟဇာတမဖြစ်တော့ဘူး။ အဲဒီလိုအလားတူ အဖွဲ့အစည်းမျိုးတော့ ဖွဲ့စည်း ကောင်းဖွဲ့စည်းလိမ့်မယ်။ ဒါပေမယ့် အဲလိုနာမည် အဲလိုအနေအထားနဲ့ဖွဲ့စည်းဖို့မရှိတော့ပါဘူး။

တဖက်တလမ်းက SNLD က မှတ်ပုံတင်ထားတယ်ဆိုတော့ အခြေအနေလေးပြောပြပေးပါလားခင်ဗျ။

မတ်လ ၁၆ ရက်က မှတ်ပုံတင်ဖို့ စာတင်ထားပါတယ်။ ကြားထဲမှာလဲ သင်္ကြန်ကာလ ခံနေတော့ ဒီနေ့ ဒီအချိန်အထိ မှတ်ပုံတင်ကျပြီလို့ အကြောင်းကြားလာတာမရှိသေးပါဘူး။

အမှန်ဆိုရင် ၂ ပတ် ၃ ပတ်လောက်ဆိုရင် ကျလောက်ပြီမဟုတ်လား။ အခုလို SNLD အပါအဝင် တခြားနိုင်ငံရေးပါတီတွေ မှတ်ပုံရဖို့အခက်ခဲတွေ့ရတော့ -  ဘယ်လို ကြားသိရလဲခင်ဗျ။

အခုထက်ထိ ဗဟိုကော်မရှင်က ဘာမှတုန့်ပြန်တာ မရှိသေးဘူး။ ဒါပေမယ့် ကျနော်တို့ ယုံကြည်ထားတာ ကတော့ ပါတီကို လွတ်လွတ်လပ်လပ် ဖွဲ့စည်းပိုင်ခွင့်ရှိတယ်။ ရွေးကောက်ပွဲ ကိုဝင်ပါမယ်ဆိုတဲ့ ကြေငြာ ထားတဲ့အဖွဲ့အစည်းတွေအားလုံး မှတ်ပုံတင်ကြပြီဆိုတော့ မကျစရာအကြောင်းမရှိပါဘူး။ ပါတီတည် ထောင်လိုသူ ၁၅ ဦးစာရင်းကိုပြန်ပြီးစီစစ်ကြည့်မယ်ဆိုရင် ဥပဒေနဲ့မလွတ်ကင်းတာ ၊ မှတ်ပုံတင်ခြင်း ဆိုင်ရာ နည်းဥပဒေနဲ့ညှိစွန်းတာမျိုးမရှိတဲ့အတွက်ကြောင့်မို့လို့  မကြာခင်မှာဘဲ မှတ်ပုံတင်ကျလာလိမ့် မယ်လို့ ယုံကြည်မျှော်လင့်နေပါတယ်။

မနေ့က SNLD နဲ့ ဘန်ကီမွန်းနဲ့တွေ့ကြတယ်လို့ပြောတယ်။ အဲဒီမှာ ဘယ်သူတွေတွေ့ကြလဲ ဘာတွေ ဆွေး နွေးပြောဆိုကြလဲ။

သူတို့ဖိတ်တာကတော့ ခွန်ထွန်းဦးနာမည်နဲ့ဖိတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဆရာဦးမြင့်သန်း ဆွမ်း သွတ်တက်ဖို့ရှိတော့ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းစောအောင်ကိုဘဲ ကိုယ်စားတက်ခိုင်ပါတယ်။ စိုင်းစောအောင် တင်ပြတာကတော့ ကျနော်တို့ရဲ့ ယုံကြည်မျှော်လင့်ချက်မရ  SNLD ရဲ့ နိုင်ငံရေး ယုံကြည် ချက်ကိုတင်ပြတယ်။ ၁- လွှတ်တော်နိုင်ငံရေးလမ်းကြောင်းတခုထဲနဲ့ မြန်မာပြည်ရဲ့ ငြိမ်းချမ်း ရေး ဖော်ဆောင်မှုကိစ္စကို ပြီးပြည့်စုံအောင်ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ လွှတ်တော်ပြင် ပ မှာလဲဘဲ ဆက်လက်ပြီး ကြိုးစားသွားကြဖို့ အထူးလိုအပ်တယ်။ နောက်တခါ - ငြိမ်းချမ်းရေးဖော် ဆောင်တဲ့ ကိစ္စမှာ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ဖော်ဆောင်ရတာပါ။ တိုင်းရင်းသားကိစ္စလို့ ပြောတဲ့အခါမှာ တိုင်းရင်းသားအားလုံးလိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင် မှသာလျင် ၆၅ နှစ်လုံးလုံး ဖြစ်လာတဲ့ ပဋိပက္ခကိုတည်ဆောက်နိုင်မယ်။ ဒါကြောင့်မို့လို့ စစ်မှန်တဲ့ ပြည် ထောင်စုတည်ဆောက်ဖို့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုရင် အဖက်ဖက်က ပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲလိုတယ်။ အဲလို သုံးပွင့်ဆိုင်ဆွေးနွေးဖို့ဆိုတာ ကြားဝင်ပေးဖို့ ပုဂ္ဂိုလ်လိုအပ်တယ်။ UN သော်လည်းကောင်း EU သော်လည်းကောင်း  Asean သော်လည်းကောင်း ကြားဝင်ပေးမယ်ဆိုရင် လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စပြီးအောင်ဆောင်ရွက်ပေးနိုင်မယ်လို့ သူတို့ တင်ပြခဲ့ ပါတယ်။

မစ္စတာကင်မရွမ်းလာတုန်းကလဲ တရားဥပဒေ စိုးမိုးမှုအထူးလိုအပ်တယ်လို့ပြောသွားတယ်။ ဘာကိုဆိုလိုတာလဲခင်ဗျ။

မစ္စတာကင်မရွမ်းလာတုန်းကလဲ တရားဥပဒေ စိုးမိုးမှုအထူးလိုအပ်တယ်။ တရားဥပဒေ စိုးမိုးမှုရှိမှ ငြိမ်း ချမ်းရေးကိုတဆင့်ပြီးတဆင့် တည်ဆောက်သွားနိုင်မယ်လို့ သူပြောသွားတဲ့စကားရဲ့အဓိပ္ပါယ် ကတော့ ကျနော်တို့ နားလည်တာကတော့ အားလုံးလက်ခံတဲ့ ဥပဒေတရပ် အဲတာရှိဖို့လိုအပ်တယ်။ တရား ဥပဒေလို့ပြောပြီးတော့ ပြည်သူလူထုက တခဲနက်ထောက်ခံတဲ့ ဥပဒေမဟုတ်ရင် စိုးမိုးနိုင်မှာ မဟုတ် ဘူး။  ပြည်သူတွေ အများစုက လက်ခံတဲ့ ဥပဒေမျိုးပြဌာန်းမှသာလျင် ပြည်သူတွေ ကိုယ်တိုင် လွတ် လွတ်လပ်လပ်ရွေးချယ်ရေးဆွဲတဲ့ ဥပဒေမျိုးကိုပြဌာန်းမှသာလျင် တရားဥပဒေစိုးမိုးမှုဆိုတာ ရှိပါလိမ့် မယ်။ ဒီလိုနားလည်ပါတယ်။

ဒီကနေ့ တရားဥပဒေအပေါ် ဘယ်လိုမြင်ပါ သလဲ။

လက်ရှိတရားဥပဒေစိုးမိုးမှုကတော့ လျော့ရဲနေပါသေးတယ်။ တရားဥပဒေစိုးမိုးမှုက ဥပမာ နယ်စပ် ဒေသ တွေမှာ၊တိုင်းရင်းသားဒေသတွေမှာ တရားဥပဒေစိုးမိုးမှုက မရှိသလောက်ကိုလျော့ပါးနေပါတယ်။ ဒီကိစ္စဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်ကိုဘဲ ထိပါးစေပါတယ်။ ဆိုလိုတာကတော့ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ငြိမ်းချမ်းတယ်လို့ အမည်ခံထားရုံနဲ့ အမှန်တကယ် မငြိမ်းချမ်းသေးဘူး။ အဲလို အမှန်တကယ်ငြိမ်းချမ်းဖို့ ဆိုလို့ရှိရင် တိုင်းရင်းသားအားလုံးကို တန်းတူ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ တန်းတူညီခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် တွေကိုလွတ်လွတ်လပ်လပ် ပေးအပ် ပါလိမ့်မယ်။ အဲလိုဥပဒေမျိုးကို ချပြပေးနိုင်မှသာလျင် ကျင့်သုံးပေးနိုင်မှသာလျင်တိုင်းရင်းသား တွေကလည်း ကျေနပ်ပြီးတော့မှ လက်နက်ကိုင်ကိစ္စတွေလဲပျောက်သွားမယ်။ ငြိမ်းချမ်းရေးကိစ္စကို ဆက်လက်  ဖော်ဆောင်နိုင်မယ်။ ဒါမှသာလျင်တိုင်းပြည်ရဲ့တိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့ စီးပွါးရေး၊ ပညာရေး၊ လူမှုရေး၊ တို့ကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ကိုယ်ပိုင် ပြဌာန်းခွင့် တန်းတူညီခွင့်ကို တဖွဖွပြောနေရခြင်းဖြစ်ပါတယ်။ ဒါကတော့ SNLD ရဲ့ နဂိုရှိရင်းစွဲမူ။ ဒီနေ့ဒီအချိန်အထိလဲ ကျင့်သုံးနေဆဲဘဲဖြစ်ပါတယ်။

တခြားဘာတွေဆက်ပြောချင်သေးလဲခင်ဗျ။

ကျနော်တို့ SNLD ပြောဆိုယုံကြည်သလို တခြားသော တိုင်းရင်းသားညီအကိုမောင်နှမများလည်း ယုံကြည်လက်ခံနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ အဲတိုင်းလဲဖြစ်သင့်တယ်။ ဖြစ်အောင်လဲဘဲကျနော်တို့  သာမက တခြားသော နိုင်ငံရေးပါတီတွေ တိုင်းရင်းသားညီအကိုမောင်နှမ အဖွဲ့အစည်းတွေအားလုံးက ဝိုင်းဝန်းကြိုးပမ်းမှသာလျင် ဒီမိုကရေစီလဲရ တိုင်းရင်းသားတွေလဲ ဆန္ဒပြည့် ဆိုတဲ့အနေအထားမျိုးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီလိုလားတဲ့အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရ အောင်လို့ တိုက်တွန်းနိုးဆော်ချင်ပါတယ်။