ဘတ်ငွေနှစ်သန်းဖြင့် ထိုင်းအစိုးရ ဆုတော်ငွေထုတ်ထားသည့် တြိဂံဒေသမူးယစ်ရာဇာဟု လူသိများသည့် သျှမ်းပြည်သား စိုင်းနော်ခမ်းအား ယမန်နေ့က လောဝ်အာဏာပိုင်တို့ ဖမ်းဆီးရမိသည်ဆိုသည့်သတင်း ဟုတ်မှန်ကြောင်း သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါသည်။
“ဟုတ်တယ်။ လောဝ်အာဏာပိုင်တို့က မနေ့က စိုင်းနော်ခမ်းနဲ့ အဖွဲ့ဝင်တချို့ကို လောဝ်နိုင်ငံ မော်ကျောဝ် ဘက်မှာ တကယ်ဖမ်း မိပြီလို့ကြားတယ်။ ဒီသတင်းက မှန်ပါတယ်” - ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါသည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ချလိန်ယူဘံရုန်းမှ မူးယစ်ရာဇာ၂၅ ဦးဖမ်းဆီးရမိရေးအတွက် ဆုတော်ငွေ ဘတ် ၁၂ သန်း ပေးမည်ဟု ထုတ်ပြန်ထားပြီး တပတ်မပြည့်မှီ ဘတ်ငွေနှစ်သန်းဖြင့်ကြေညာခံထားရသည့် စိုင်းနော်ခမ်းအား ပထမဦးဆုံးလူအဖြစ် ဖမ်းဆီးရမိ ခြင်းဖြစ်သည်။
စိုင်းနော်ခမ်းအား လောဝ်နိုင်ငံ ဘော်ကျောဝ်ခရိုင် တွန့်ဖင့်မြို့နယ် ဘန့်မွမ်းရွာရှိ ဇနီးတဦး၏နေအိမ်၌ဖမ်းဆီးရ သည်ဟုဆို်သည်။
“စိုင်းနော်ခမ်း အပါဝင် လူ ၈ ဦးကို တရုတ်ရဲ နဲ့ လောဝ်အာဏာပိုင်တို့ ပူးပေါင်းပြီးသွားဖမ်းတာ။ ၂၅ ရက်နေ့ည တုန်းကပေါ့။ စိုင်းနော်ခမ်းနောက်ကို ၂၀၁၁ အောက်တိုဘာလက တရုတ်အမျိုးသား ၁၃ ဦးအသတ်ခံရပြီး ကတည်းက တရုတ်ရဲ တပ်ဖွဲ့တွေ သူ့ကို ၆ လကျော်ကြာ နောက်ယောင်ခံလိုက်နေလို့ အခုလိုဖမ်းမိတာ။ ထိုင်းဘက်က အလိုရှိနေသလို တရုတ် နဲ့ ဗမာ တို့လဲ သူ့ကိုအလိုရှိနေတာလေ” - ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာ ရေး အဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းကပြော ပါသည်။
ထို့အတူ ပြီးခဲ့သည့် ဧပြီ ၂၃ ရက် နေ့က တာချီလိတ်ခရိုင်အတွင်း အခြေချလှုပ်ရှားသည့် စိုင်းနော်ခမ်း၏တပည့် အိုက်ထွန်းဆိုသူ ဦးဆောင်၍ လူ ၈ ယောက်က သေနတ်မျိုးစုံ ၅ လက် နှင့်အတူ မြန်မာအစိုးရစစ်တပ်ထံ လက်နက်ချခဲ့ သည်ဟု ၂၆ ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ ကရေးသားပါသည်။
သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကတော့ တြိဂံဒေသတွင် စိုင်းနော်ခမ်းခေတ် မရောက် မှီ ၁၉၆၇ ကတည်းက ခွန်ဆာဦးဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် တရုတ်ဖြူတပ်ဖွဲ့ခေါ် ကူမင်တန် KMT တို့ကြား ကမ္ဘာကျော် ဘိန်းစစ်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ခေတ် စိုင်းနော်ခမ်းတယောက်မရှိ တော့သော်လည်း တရားဥပဒေစိုးမိုး ရေးအတွက် လူထုအပါအဝင် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးဖို့ရန်လို အပ်ကြောင်း၊ RCSS/SSA အနေဖြင့် မည်သည့် အဖွဲ့အစည်းနှင့်မဆို တာဝန်ကျရာ လက်တွဲဖေါ်ဆောင်ရန် ဆန္ဒရှိကြောင်း သျှမ်းသံတော်ဆင့်သို့ပြောပါသည်။
အသက် ၄၃ နှစ်ရှိသည့် စိုင်းနော်ခမ်းသည် ဆဲန့်ဝီစန်း ခေါ် မိုင်းရယ်မြို့ စော်ဘွားမျိုးဆက်တဦးဖြစ်သည်ဟု ဆို၏။
စိုင်းနော်ခမ်းသည် မတရားငွေကြေးဖြင့် ကြီးပွားချမ်းသာသည့်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများထံ အခွန်ဖြင့်လည်း ကောင်း၊ အဓမ္မသိမ်း ပိုက်ခြင်းဖြင့်လည်းကောင်း ပိုက်ဆံများရယူကာ မရှိဆင်းရဲသားများအား ကူညီထောက်ပံ့ လေ့ရှိသည်ဟု နာမည်ကြီးသူတဦးဖြစ် သည်။
ထို့ကြောင့်တြိဂံဒေသကျေးလက်လူထုက စိုင်းနော်ခမ်းအား သျှမ်းရော်ဘင်ဟွတ်အဖြစ် လေးစားချစ်ခင်ကြ ကြောင်း၊ လောဝ် (လာအို) အာဏာပိုင်များ ဖမ်းဆီးသွားစဉ် စိုင်းနော်ခမ်းအားမဖမ်းဆီးရန် ဒေသခံရွာသား များက ဆန္ဒပြတောင်းဆိုကြသေးကြောင်း ဦးခွန်စိုင်း ကပြောပါသည်။