လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်ရေး သမ္မတနှင့် ဒေါ်စုတွေ့ဆုံ

လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်ရေး သမ္မတနှင့် ဒေါ်စုတွေ့ဆုံ
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းတို့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ဧည့်ခန်းမတွင် တနာရီကျော်ကြာ တွေ့ဆုံဆွေး နွေးခဲ့သည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောသည်။

:AFP)

အဆိုပါတွေ့ဆုံမှုမှာ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီခွဲထိ တနာရီခွဲ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့တို့ လွှတ်တော်အတွင်း မည်သို့ ပူးပေါင်း
ဆောင်ရွက်မည့် အစီအစဉ်များကို သွားရောက် ဆွေးနွေးရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ လုံခြံုရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောသည်။

“အကြမ်းမျဉ်းပဲ သိတယ်။ NLD အနေနဲ့ လွှတ်တော်ထဲဝင်တဲ့အခါမှာ လွှတ်တော်ထဲမှာ အဆင်ပြေပြေနဲ့ နိုင်ငံတော် သမ္မတ၏ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ဘာတွေ လုပ်နိုင်မလဲ၊ ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးကြဖို့ တွေ့တာပါ။ အဲတော့ အဲဒါတွေပဲ ဆွေးနွေးမှာပါ”ဟု မဇ္စျိမကို ပြောသည်။ ပါတီအတွင်း ကြိုတင် ဆွေးနွေးညှိနှိုင်းခဲ့သဖြင့် ယင်းကိစ္စ များသာ ဆွေးနွေးမည်ဟု သူက ဆိုသည်။

NLD ပါတီမှာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ကိုယ်စားလှယ်များ အနေဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်အသီးသီးသို့ တက်ရောက်ရမည် ဖြစ်သည်။

ယခုတွေ့ဆုံမှုသည် အလွန်အရေးကြီးသည့် တွေ့ဆုံမှုဖြစ်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိစ္စအပြင် ပါလီမန်ရေးရာ ကိစ္စများလည်း ဆွေးနွေးဖွယ်ရှိကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းအား ကိုးကား၍ CBC သတင်းဌာန အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

သြစတြေးလျ အသံလွှင့်ဌာန ABC ကမူ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှုအတွင်း ဆွေးနွေးသည့် အသေးစိတ် အကြောင်းအရာများ ဖော်ထုတ်ပြောဆိုခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိအစိုးရတွင်း ဝန်ကြီးရာထူး လက်ခံ ရယူလိမ့်မည် မဟုတ်ဘဲ အကြံပေးအဆင့်နေရာကိုမူ လက်ခံ စဉ်းစားနိုင်ဖွယ်ရှိကြောင်း ထုတ်ဖော် ပြောကြား ဖူးသည်ဟု မှတ်ချက်ပေး ရေးသားထားသည်။

ယခုနေပြည်တော် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးခွန်သာမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါသွားခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား နေ့လည်စာ တည်ခင်း ဧည့်ခံခဲ့ သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီ ၄ဝ တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

၂ဝ၁၁ ခုနှစ် သြဂုတ်လတွင်းက ပထမဆုံးအကြိမ်အဖြစ် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ဖူး သော်လည်း ထိုစဉ်က NLD ပါတီမှာ တည်ဆဲဥပဒေ ပြင်ပတွင် ရှိနေခဲ့သည်။

Most read this week