သျှမ်း/မြောက် အမှတ် ၃ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွင်း တိုက်ပွဲဆက်တိုက်ဖြစ်

သျှမ်း/မြောက် အမှတ် ၃ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွင်း တိုက်ပွဲဆက်တိုက်ဖြစ်
by -
သျှမ်းသံတော်ဆင့်

ဧပြီ ၁ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃  အတွင်း ပါဝင်သည့် သိန္နီမြို့နယ်၌ ယခုအပတ်အတွင်း  တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြော ပါသည်။

 SSPP/SSA တပ်ဖွဲ့
“အစိုးရတပ်က သျှမ်းတပ်ရဲ့သတင်းရလို့ တက်တိုက်တာ၊ ၃-၄ ရက်လောက်ရှိပြီ။ ၂၆ ရက်နေ့ မနက်တုန်းက သျှမ်းပြည်တပ်မတော်ထောင်ထားတဲ့ မိုင်းတွဲကို နင်းမိလို့ ၅ ယောက် သေ  ၁၂ ယောက် ဒဏ်ရာရသွားတယ်” - လားရှိုးမြို့ရောက် စစ်တပ်နှင့် နီးစပ်သည့် ဒေသခံတဦးက ပြောပါသည်။

မတ်ခ်ျ ၂၃ ရက် မွန်းလွဲ ၁၄:၁၄ နာရီ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နှင့် သိန္နီမြို့နယ် အစပ် မိုင်းမော် ကျေးရွာ အနီး ၌လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော်မြောက်ပိုင်းတပ်ဖွဲ့ SSPP/SSA ၏ အမှတ် ၁ တပ် မဟာ လက်အောက်ခံ တပ်ရင်း ၂၄၆  တပ်စခန်းတခု အား မြန်မာစစ်တပ် အင်အား ရာကျော် က မိနစ် ၃၀ ကြာ တက်တိုက်ကြောင်း၊ ၂၅ ရက် တွင်လည်း သိန္နီ - လားရှိုးကားလမ်း မြောက်ဘက်ခြမ်း (လားရှိုးမြို့မှ ၄၅ မိနစ်ကြာ ကားစီးသွားရ၊ သိန္နီမြို့နယ်အတွင်း) သျှမ်းပြည်တပ်မတော် တပ်မဟာ ၁၅၃ လက်အောက်ခံ ၈၅၁ တပ်ရင်းမှ စစ်ကြောင်းတခု  တောတွင်း တနေရာ၌ စခန်းချနေစဉ် အစိုးရတပ်က အင်အားဖြည့် တိုက် ခိုက်ခဲ့ ကြောင်း၊ ၂၆ ရက်နေ့တွင်မူ သိန္နီမြို့ အနောက်ဘက် ၄ မိုင်အကွာ မိုင်းယန်းကျေးရွာ အုပ်စု နောင်ဆန်း (ဝမ့်ကောဝ်) အနီး တောတွင်းတနေရာ၌ သျှမ်းပြည်တပ်မတော် စခန်းချနေစဉ် အစိုးရ တပ်က သတင်းယူပြီး သွားတိုက်ခြင်းဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် အရာရှိတဦး က ပြောပါသည်။

“၂၃ ရက်တိုက်ပွဲမှာ အစိုးရတပ်ကဘဲ တပ်ဆုတ်သွားတယ်၊ ၂၅ ရက်မှာလဲ ကျနော်တို့ ကိုယ့် ကိုယ် ကို ကာကွယ်တဲ့ အနေနဲ့ဘဲ၊ တက်တိုက်တာလဲ သူတို့ဘဲ၊ ပြန်ဆုတ်တာလဲသူတို့ဘဲ။ ကျနော်တို့ဖက်က လိုက်လံ တိုက်ခိုက်တာမရှိပါဘူး။ သူတို့တပ်ဆုတ်သွားတော့ ကျနော်တို့က ကျည် (M 79 ) ရ လုံး၊ ကျောပိုး အိတ် တစ်လုံး၊ စက်သေနတ်ကျည် ရ၃ ဒေါင့်၊ ဦးထုပ် ၅ လုံး သိမ်းမိတယ် ” - ဟု အဆိုပါ အရာရှိက ပြောပါသည်။

၂၆ ရက်နေ့ တိုက်ပွဲတွင် ဒေသခံသတင်းရပ်ကွက်က အစိုးရတပ်ဘက် ၅ ယောက်သေ ၁၂ ယောက် ဒဏ်ရာရ ရှိသည်ဟု ပြောသော်လည်း သျှမ်းပြည်တပ်မတော်က သီးခြားအတည်ပြု ချက် မရသေးပေ။

ယခုတပတ်အတွင်း သိန္နီမြို့နယ်အတွင်း မငြိမ်သက်မှုများ ဆက်တိုက်ဖြစ်ပွားလာနေသောကြောင့် လာမည့် ဧပြီ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား လက်နက်ကိုင်တပ်ဖွဲ့များက အနှောင့်အယှက်ပေး နေသည်ဟု ကျားဖြူပါတီဝင်တဦး ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် လားရှိုး၊ သိန္နီ၊ ကွန်လုံ၊ မိုင်းရယ် နှင့် တန့်ယန်းမြို့နယ် တို့ ပါဝင်ပါသည်။