သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တောင်ဘက်ခြမ်း ဒေသခံများ စစ်ပညာသင်ယူရန် ဒေသအတွင်း လှုပ်ရှား သည့် အစိုးရ စစ်ဗျူဟာမှူးတဦးက ဆင့်ခေါ်သောကြောင့် သေနတ်မကိုင်လိုသည့် ဒေသခံ အများ အပြား ထွက်ပြေး တိမ်းရှောင်ကြကြောင်း သိရှိရ ပါသည်။
“ကျနော်တို့ ပုံဝိုးမှာ အရင်ကတည်းက ဒေသအတွင်း ကာကွယ်ရေးတပ်ရှိတယ်၊ လူ လက်နက် အင်အား ၅၀ လောက်ရှိ တယ်။ လက်နက်ဆက်မကိုင်ချင်တော့လို့ ပြီးခဲ့အပတ်က စစ်တပ်ကို အပ်လိုက်တယ်။ အဲဒီတပ်က ဗျူဟာ မှူးကဘဲ စစ်ပညာသင်တန်း ထပ်ပေးမယ်ဆိုပြီး ယောကျာ်းလေးတွေကို ပြန်ပြီးဆင့်ခေါ်တယ်။ မလုပ်ချင်ကြလို့ အခုထွက်ပြေးနေကြတယ်” - ဟု ဒေသ အတွင်းရောက်ရှိသည့် ဝန်ထမ်းတဦး ကပြောပါသည်။
မတ်ခ်ျ ၁၄ ရက်နေ့ က ခမရ ၁၄၇ နှင့် ခလရ ၂၃ အား ဦးဆောင်သည့် လှုပ်ရှားစစ်ဗျူဟာ ဗိုလ်မှူးကြီး သိန်းဇော်က ကျောက်မဲမြို့ နယ် ပုံဝိုးကျေးရွာအုပ်စု ကာကွယ်ရေးအဖွဲ့ ဝင်ဟောင်း ၄၈ ဦး အနက် အယောက် ၂၀ အား စိစစ်ပြီး စစ်ပညာပြန်လည် သင်ကြား ပေးမည်ဟုဆိုကာ ဆင့်ခေါ်ခဲ့သည်ဟု ဒေသခံများက ဆို၏။
ရပ်ရွာ ကာကွယ်ရေး အဖွဲ့ဝင်ဟောင်း ၄၈ ဦးအပြင် တခြား အသက်ပြည့် အမျိုးသား များပါ လက်နက် မကိုင်ဆောင် လိုသော ကြောင့် ဒေသမှ ထွက်ပြေး တိမ်းရှောင်ကြသဖြင့် ထွက်ပြေးသူများပြန်မလာလျှင် ဆိုင်ကယ်၊ ကား၊ ထော်လာဂျီ၊ ဆန်စက်များ အား လုံး သိမ်းပိုက်မည်ဖြစ်ကြောင်း အဆိုပါ ဗျူဟာမှူး ကပြောသည်ဟုဆို၏။
ပုံဝိုးကျေးရွာအုပ်စုနှင့် ကွန်ဟင်ကျေးရွာ အုပ်စု အတွင်းရှိ ပုံဝိုးရွာ၊ ကွန်ဟင်ရွာ၊ ဝမ်ခိုက်၊ ပြင်းထွမ်၊ နားပုံ၊ နမ့်ကိန်လီ ရွာများတွင် လည်း ရွာခံများအား ပုံဝိုးရွာမ တပ်သစ်တည်ဆောက်ရေးသို့ နေ့စဉ် လုပ်အားပေး ခေါ်ယူစေခိုင်းနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
အမျိုးသားများမရှိတော့သဖြင့် လုပ်အားပေးအတွက်တရက်လျှင် တအိမ် ကျပ် ၃၀၀၀ ပေးဆောင်ရန် ကျေးရွာ အုပ် ချုပ်ရေး ဦးကောကံလူ ကလည်း ဆင့်ဆိုခဲ့သေးကြောင်း အမည်မဖေါ်လိုသည့်ဒေသခံ နောက်တဦး ကပြောပါသည်။
“ကျနော်တို့က အေးအေးဆေးဆေးပဲနေချင်တယ်။ သေနတ်မကိုင်ချင်ဘူး။ လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ ကြားမှာလဲ ကျနော်တို့ မနေ လိုဘူး။ ကျနော်တို့ပြည်သူတွေက အရမ်းသောကများနေတယ်။ နှစ်ဘက်စလုံး ကိုကြောက် နေရတယ် လေ၊ ဒီနေ့အထိ (၂၂ /၃ /၁၂ ) ကျနော်တို့ အိမ်မပြန်ရဲသေးဘူး” - ဟု မိုင်းကိုင်ရောက် ပုံဝိုး ဒေသခံတဦးကပြောပါ သည်။
မြန်မာအစိုးရတပ်၏တပ်စခန်းမှာ ပုံဝိုးကျေးရွာ အပြင်ဘက်တွင်ရှိပြီး ယခုလည်း ပုံဝိုးရွာမ အလယ်တန်း ကျောင်း အနောက်ဘက်၌ တပ်အသစ်ထပ်မံတည်ဆောက်နေရာ ဒေသခံများထံမှ အုပ်၊ သဲ၊ မြေ၊ ဝါး များဆင့်ဆိုသကဲ့သို့ လုပ်အားပေးလည်း နေ့စဉ်ဆင့်ခေါ် နေ သည်ဟုဆို၏။ ပုံဝိုးရွာမ အပြင်ဘက် ကျေးလက်တွင်မူ သျှမ်းပြည်တပ်တော် တောင်ပိုင်းတပ်ဖွဲ့ အင်အားဖြည့်လှုပ်ရှား နေသည် ဟုလည်း ဒေသခံများက ပြောပါသည်။
ဖေဖေါ်ဝါရီ ၁၇ ရက်နေ့ ကျောက်မဲမြို့နယ် ဟိုင်းကွီကျေးရွာအုပ်စု၌ သျှမ်းပြည် တပ်မ တော် သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး ဗိုလ်စိုင်းတလုံ နှင့် ဇနီးဖြစ်သူအား သီပေါအခြေစိုက် အစိုးရတပ် ခလရ ၂၃ က ပစ်သတ် လိုက်ပြီးနောက်ပိုင်း ဒေသတွင်း၌ ဤကဲ့သို့ သော တင်းမာသည့်အခြေအနေများ ဖြစ်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။