မဲစာရင်းလွဲမှားစွာ ထုတ်ပြန်မှု ပြင်ဆင်၍ မပြီးသေး

မဲစာရင်းလွဲမှားစွာ ထုတ်ပြန်မှု ပြင်ဆင်၍ မပြီးသေး
by -
သျှမ်းသံတော်ဆင့်

ဗန်းမော်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း လွဲမှားစွာထုတ်ပြန်ထားသည့် အပေါ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြန်လည်ပြင်ဆင်နေရာ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည့် အချိန်တစ်ရက်သာ ကျန်တော့သော်လည်း ပြင်ဆင်မှု အပြီးမသတ်သေးကြောင်း ဗန်းမော်မြို့နယ် NLD ပါတီ အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

voting1

မတ်လ ၁ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ကပ်ထားသည့် မဲစာရင်းများလွဲမှားနေခြင်းဖြစ်ပြီး ၎င်းမဲစာရင်း ကို ပြင်ဆင်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ မနက်ဖြန်နောက်ဆုံးထား တင်ပြရမည် ဖြစ်သည်။

“မြို့နယ်ကော်မရှင်က ထုတ်ပြန်တဲ့စာရင်းရယ် ရပ်ကွက်ရုံးမှာကပ်ထားတဲ့စာရင်းရယ် လက်ရှိရပ်ကွက်ထဲမှာ နေထိုင် တဲ့ လူ ဦးရေရယ် ဒီ ၃ ခုကိုက်မကိုက်လို့လေ တိုက်ပြီးတော့ မနက်ဖြန်နောက်ဆုံးထားပြီး ကော်မရှင် ရုံးကိုတင်ပြရမယ် လို့ပြောတာ ပြီးတဲ့ရပ်ကွက်လည်းပြီးပြီ၊ မပြီးတဲ့ရပ်ကွက်တွေလည်း ကျန်သေး တယ်” ဟု ပါတီဝင်တစ်ဦးက ဆိုသည်။

အဆိုပါ မဲပေးခွင့်ရှိသူများစာရင်း ထုတ်ပြန်ရာတွင် အစီအစဉ်တကျမရှိခြင်းကြောင့် ပြင်ဆင်ရာတွင် အခက်အခဲ များရှိ ကြောင်း သူက ဆက်ပြောသည်။

“ကပ်ထားတဲ့စာရင်းတွေက အကုန်ရောနေတာ အစဉ်လိုက်မရှိဘူးလေ၊ အစဉ်လိုက်ဆို ပိုလွယ်ကူတာပေါ့၊ မတော် တဆလွဲမှားနေတဲ့ ပုံမျိုးတော့မဟုတ်ဘူး၊ အခုတစ်ရက်ပဲလိုတော့တဲ့အခါကျတော့ အားချင်းလုပ် နေရတာပေါ့။ မှတ်ပုံ တင်ရုံး သွားတဲ့ လူကသွားပေါ့ လူနဲ့နံမယ်တွေတိုက်ကြည့်ရတဲ့လူက တိုက်ပေါ့ အတော်အလုပ်ရူပ်တယ်” - ဟု ဆိုသည်။

ထို့အပြင် စစ်တပ်နှင့်နီးစပ်သည့် ရပ်ကွက်များတွင် ခြိမ်းခြောက်ပြောဆိုမှုများရှိနေပြီး သျှမ်းမိသားစုနေအိမ် များတွင်မူ မိသားစုအလိုက် မဲစာရင်းဖျောက်ထားခြင်းခံရကြောင်း သိရသည်။

“စစ်တပ်တွေရှိတဲ့နေရာမျိုးတွေ ဥပမာ- ဟန်းတဲရွာဆိုရင် မိသားစုတစ်စုလုံးမှာ တစ်ယောက်ပဲပါတယ် မဲထည့် မယ် ဆိုရင်လည်း တစ်ယောက်တည်း ထည့်ပိုင်ခွင့်ရှိတယ်ဆိုတာမျိုးတွေ ပြောဆိုမှုတွေရှိနေတာပေါ့၊ တချို့ ရပ်ကွက်က ရှမ်းအိမ်တွေ ဆိုရင်လည်း မိသားစု အလိုက် စာရင်းဖျောက်ထားတာတွေရှိနေတယ် ” ဟု ဆိုသည်။

လာမည့်ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဗန်းမော်မြို့နယ်၌ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှင့် ကြံ့ခိုင်ရေး ပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ် ကြောင်း သိရသည်။