RCSS/SSA တပ်မှူး လူထုအား မူသုံးရပ်ဖြင့်ထပ်မံရှင်းပြ

RCSS/SSA တပ်မှူး လူထုအား မူသုံးရပ်ဖြင့်ထပ်မံရှင်းပြ
by -
သျှမ်းသံတော်ဆင့်

ထိုင်းနယ်စပ်အခြေစိုက်လှုပ်ရှားသည့် RCSS/SSA တပ်မှူးကြီးတဦးက သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ် အတွင်း လူထုအား  တိုက်ရိုက်တွေ့ဆုံပြီး အပစ်ရပ်နောက်ပိုင်းလုပ်ဆောင်သွားမည့် အစီအစဉ်များကို ချပြ ရှင်းလင်းကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။

RCSS/SSA ၏ အမှတ် ရ၂၇ တပ်မဟာမှူး ဗမ တင်းခေး

“ဒီမနက် ပုံပါကျင်မြို့နယ်ခွဲ ကျောင်းလုံ(ကျောင်းတိုက်) ရဲ့ ဓမ္မာရုံအသစ်မှာ လူထုနဲ့တွေ့ဆုံတယ်။ မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲလောက်အထိပေါ့။   လွယ်ဆန်စုက တပ်မှူး ဗိုလ်မှူးတင်းခေး နဲ့ အဖွဲ့ ကလာဟောပြော ပါတယ်” - ဟု ပုံပါကျင်မြို့ခံတဦးက ပြောပါသည်။

ယနေ့နံနက်ပိုင်း၌ တပ်မဟာ ရ၂၇ တပ်မဟာမှူး ဗိုလ်မှူး တင်းခေး နှင့် အဖွဲ့ ၁၀ ယောက်ခန့်က ပုံပါကျင်မြို့ နယ်ခွဲ အတွင်း လူထုနှင့်တွေ့ဆုံကာ - အပစ်ရပ်ပြီးနောက်ပိုင်း ဦးစားပေးလုပ်ဆောင်သွားမည့် အဓိကလုပ် ငန်းမှာ - ၁။ လူထု၏အသက် အိုးအိမ်လုံခြုံရေး နှင့် ကာကွယ်ရေးအတွက်၊ ၂။ နိုင်ငံရေးကိစ္စမှာ လုပ်ဆောင်မဲ့ ကိစ္စ နှင့် ၃။ လူထုကြီးပွားချမ်း သာရေး(စီးပွားရေး) ဆိုင်ရာ ပြောကြားသွားသည်ဟုဆိုသည်။

သို့သော် ယခင်က အခွန်အတုတ်ကောက်ခံမှု ကင်းလွှတ်ခွင့်နှင့်ပတ်သက်ပြီး လူထုဇဝေဇဝါဖြစ်ခဲ့ကြောင်း ဒေသခံနောက်တဦးက ဤကဲ့သို့ပြောပါသည်။

“အခုက အပစ်ရပ်ပြီဆိုပေမယ့် နေရာထိုင်ခင်း ချထားမှုတွေ အတည်တကျမရှိသေးတော့ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေကလွဲလို့ ယာဉ်ကြီးတွေ၊ ဆိုင်ခန်းတွေဆီက အခွန်ပြန်လည်ကောက်ခံသွားမယ်လို့ပြောတယ်။ အပစ် မရပ်ခင် တုန်း က ဆို ဆိုင်တခန်း ဘတ် ၅၀၀၀ ဝန်းကျင်၊ ကား သေး - ကြီး ဘတ် ၅၀၀၀ ကနေ ၁၂၀၀၀ အထိ ကောက်ခံတာလေ၊ အခုလဲ အဲလိုဘဲ ပြန်ထည့်ရမယ့်သဘော။ အစိုးရကိုရော SSA ကိုရော အခွန်ထည့်ပေးရမယ်ထင်တာဘဲ။  ဒီ ၂၀၁၂ ထဲမှာတော့ ဘာမှ မထည့်ရသေးပါဘူး” ဟုဆိုပါသည်။

သျှမ်းပြည်တပ်မတော် တပ်မှူး ဗိုလ်မှူးတင်းခေးသည် ယမန်နေ့က ဟွေ့အော်၊ ယနေ့ ပုံပါကျင်ရှိ လူထုနှင့် ထိတွေ့ စည်းရုံးဟောပြီး လာမည့်နေ့တွင်လည်း နမ့်ဟူးခွန်နှင့် အခြားဒေသဘက် စည်းရုံးရေး  ဆက်လုပ် သွားမည်ဟု ဆိုသည်။

သျှမ်းပြည်တပ်မတော်နှင့် အစိုးရအကြား ဒီဇင်ဘာလဆန်းပိုင်းက အပစ်ရပ်ရန်သဘောတူညီမှု ရရှိထားသော် လည်း အစိုးရတပ်က သျှမ်းပြည်တပ်မတော် တပ်စခန်းဘက် အင်အားဖြည့်ကာ ဦးတည်လှုပ်ရှားသည့်အတွက် တိုက်ပွဲပေါင်း ၁၃ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့သည်။