ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်လုပ်ငန်းရှင်ကြီးများတွေ့ဆုံ

ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်လုပ်ငန်းရှင်ကြီးများတွေ့ဆုံ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဝန်ကြီးချုပ်ဦးအုန်းမြင့်နှင့် မွန်စီးပွားရေးလုပ်ငန်းရှင်ကြီးများတို့ ယမန်နေ့၊ နေ့လည် ၁၁ နာရီခွဲတွင် မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရုံး၌ နှစ်နာရီကြာတွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ရေနက်ဆိပ်ကမ်းအတွက် မွန်ပြည်သစ်ပါတီနှင့်ထိုင်း Power-P တို့ သတ်မှတ်ခဲ့သည့်နေရာ(Photo-IMNA)
မွန်ပြည်နယ် စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေးအတွက် အဓိက ဆွေးနွေးခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မွန်လုပ်ငန်းရှင်များက ပြောသည်။

မွန်လုပ်ငန်းရှင်နိုင်စိုးမြင့်က “ဝန်ကြီးချုပ်က လုပ်ငန်းတွေလုပ်ဖို့ လိုအပ်တဲ့အကူအညီပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်” ဟု ပြောသည်။

တလမွန်ကုမ္မဏီမှ မွန်လုပ်ငန်းရှင်ကြီးများဖြစ်ကြသည့် နိုင်ဗညားစန်း ဦးဆောင်ပြီး နိုင်သောင်းကျော်၊ နိုင်မင်းအောင်၊ နိုင်စိုးမြင့်၊ နိုင်လဂွမ်းးတို့ တက်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းကိုနောက်ခံထားပြီး သပြေချောင်းရွာသစ်အနီးရှိ ပင်လယ်ကမ်းခြေတွင် ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်ကာ ထိုမှတဆင့် အနန်းကွင်း- ဘုရားသုံးဆူနယ်စပ်သို့ မီးရထားလမ်းနှင့် မော်တော်ကားလမ်းဖောက်လုပ်မည့် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ်က ရှင်းပြခဲ့သည်ဟု သိရသည်။

၄င်းအစီအစဉ်ကို မွန်ပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်တွင် စီမံကိန်းရေးဆွဲပြီး ပြည်ထောင်စုအစိုးရသို့ ဆက်လက်တင်ပြဦးမည် ဖြစ်သည်။

၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲခဲ့စဉ် အဆိုပါကုလားကုတ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား မွန်ပြည်သစ်ပါတီလက်အောက်ခံ ရာမညအင်တာနေရှင်နယ်ကုမ္ပဏီလိမိတက်နှင့် ထိုင်းနိုင်ငံ Power-P ကုမ္ပဏီတို့ပူးပေါင်းပြီး အကောင်အထည်ဖေါ်ခဲ့သော်လည်း ထိုင်းနိုင်ငံစီးပွားရေးအခြေအနေကြောင့် ယင်းစီမံကိန်းကို ရပ်တန့်ခဲ့ရကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

“၁၉၉၆ ခုနှစ်တွေမှာ ဂြိုလ်တုဆက်တလိုက်နဲ့ လက်ရှိမြေပြင်အနေအထားရိုက်ထားပြီး လမ်းအူကြောင်း လိုလည်း အသေးစိတ်သတ်မှတ်ပြီးခဲ့ပါပြီ၊ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU တွေလည်းလက်မှတ်ရေး ထိုးခဲ့ကြတယ်၊ အကောင်အထည်ဖေါ်မယ့်ဆဲဆဲမှာ ထိုင်းနိုင်ငံက စီးပွားရေးကမောက်ကမဖြစ်သွားလို့ သူတို့ရပ်လိုက်တာ” ဟု သူကပြောသည်။

ထို့အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ စက်မှုဇုံတည်ဆောင်ရန်၊ လမ်းဟောင်းများ ဖောက်လုပ်ရန်အတွက် အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ လာမည့်ဧပြီလတွင် ဆက်လက် ညှိနှိုင်းဆွေးနွေးရန် ရှိသည်။

ထို့အတူ သံဖြူဇရပ်၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်-မြဝတီမြို့သို့မော်တော်ကားလမ်းဖေါက် လုပ်နိုင်မည် ဆိုပါက ဒေသခံများအတွက် စက်မှုလယ်ယာအဆင့်တည်ဆောက်နိုင်၍ စိုက်ပျိုးရေးလုပ်ငန်းပိုမို တိုးတက် လာနိုင်ပြီး ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဟုလည်း ဝန်ကြီးချုပ်ကပြောခဲ့ ကြောင်း နိုင်စိုးမြင့်က ပြောသည်။