မြန်မာအစိုးရစစ်တပ် သဘောတူညီချက်မလိုက်နာ - SSA အား ထိုးစစ်ဆင်ဆဲ

မြန်မာအစိုးရစစ်တပ် သဘောတူညီချက်မလိုက်နာ - SSA အား ထိုးစစ်ဆင်ဆဲ
by -
သျှမ်းသံတော်ဆင့်

ယမန်နေ့မနက်ပိုင်းက သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယောင်းမြို့နယ်၌လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA  ၏ ကျိုင်းတုံစစ်မျက်နှာမှ စစ်ကြောင်းအား မြန်မာအစိုးရစစ်တပ် က ဝင်ရောက်တိုက်ခိုက်သဖြင့် သျှမ်းပြည်တပ်မတော်မှ ရှောင်ပေးရကြောင်းလွယ်ကော်ဝမ်း တပ်မှူးကြီး က ပြောပါသည်။

သျှမ်းပြည်တပ်မတော်သားများ (ဓါတ်ပုံ - သျှမ်းသံတော်ဆင့်)

“ကျနော်တို့ တပ်စခန်းရှိတာသိရက်သားနဲ့ တက်တိုက်တာဖြစ်တယ်။ အစိုးရတပ်က ခမရ ၅၇၃ ပေါ့။ ကျနော်တို့ ဖက်က တော့ တပ်ရင်း ၁၀၈ ပေါ့။ မနက်ပိုင်းကစပြီး ကျနော်တို့ကိုတက်တိုက်တာ” ဟု အမည်မဖော်လိုသည့် အဆိုပါတပ်မှူးကြီးက ပြောသည်။

မိုင်းယောင်းမြို့နယ် တောင်ဖက်၊ ကျိန်းလပ်အုပ်စုမြောက်ဖက်ရှိ   သျှမ်းပြည်တပ်မတော် တပ်စခန်းကို မြန်မာအစိုးရစစ်တပ်၏ စစ်ကြောင်းက ယမန်နေ့မနက် ၉ နာရီ ၄၅ မိနစ်မှစ၍ ၁၀ နာရီကျော်အထိ နာရီဝက်အကြာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ဟုတ်တယ်။ ကျနော်တို့ကို တောင်ပိုင်းကိုရွှေ့ပြောင်းပေးဖို့ အင်အားနဲ့ ခြိမ်းခြောက်တာ မကြာခဏပါဘဲ။ မနေ့တုန်းကလဲ ကျနော်တို့ကို သိသိကြီးနဲ့ ဝင်တိုက်တယ်။ အပစ်ရပ်တယ်ဆိုပေမယ့် အကုန်လုံးအဆင်ပြေ အိုကေတဲ့အဆင့်မဟုတ်သေးတော့ တောထဲမှာ ထိပ်တိုက်တွေ့ရင်တော့ တိုက်ပွဲဖြစ်မှာ ဓမ္မတာဘဲ။ ဒါကိုသိလို့ ကျနော်တို့လဲသတိနဲ့နေနေပေမယ့် မြန်မာစစ်တပ်က ကျနော်တို့ကို တမင်သက်သက်လာတိုက်တာပါ။ အကျအရှုံးတော့ခုချိန်ထိ မသိရသေးပါဘူး” ဟု သျှမ်းပြည် တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောင်ဆိုင် ကပြောသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့၌လည်း အလားတူ တိုက်ပွဲဖြစ်သေးကြောင်း၊ သျှမ်းပြည်တပ်မတော်တပ်ဖွဲ့ ခေတ္တနားခိုရာ ပုံဝိုး-ဟိုင်းကွီ ကျေးရွာအုပ်စုဘက်၌ မြန်မာစစ်တပ်ဝင်ရောက်စဉ် သျှမ်းပြည်တပ်မတော်၏ကင်းအား တွေ့ သည်နှင့် ပစ်ခတ်ခဲ့်ကြောင်း ဗိုလ်မှူးလောဝ်ဆိုင်ကပြောသည်။

“အပစ်ရပ်ပြီဆိုတာနဲ့ ငြိမ်းချမ်းပြီလို့ မဆိုလိုနိုင်သေးပါဘူး။ နယ်မြေအတည်တကျ သတ်မှတ်ဖို့ဆွေးနွေးရဦးမှာပါ။ တ ယောက်နဲ့ တယောက်နီးနီးကပ်ကပ်နေနေရင်တော့ ရင်ဆိုင်တိုက်ခိုက်နေရဦးမှာဘဲ။ တကယ်တမ်းအပစ်ရပ်ချင်ရင် သဘော တူညီချက်ကို လိုက်နာပြီးနေထိုင်သွားမှရမှာဖြစ်တယ်” ဟုဆိုသည်။

နှစ်ဖက်အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုသည့် ဒီဇင်ဘာလ ၂ ရက်မှစ၍ ယခုထိ အနည်းဆုံး ၁၃ ကြိမ်ထိပ် တိုက်ရင် ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီဖြစ်သည်။

ဖေဖော်ဝါရီလ ၂၇ ရက်က ထိပ်တိုက်မှု မဖြစ်ပွားရန် မြန်မာအစိုးရ နှင် သျှမ်းပြည်တပ်မတော်တို့ ထပ်မံသဘော တူညီမှု ရရှိထား၏။ တိုက်ပွဲမဖြစ်ပွားရန်လည်း အစိုးရ ကတာဝန်ယူကြောင်း ပြောဆိုခဲ့ပါသေးသည်။