ဒေါ်အောင်ဆန်းစုကြည် အမှုရက်ချိန်း ၂၆ ရက်သို့ ချိန်းဆို

ဒေါ်အောင်ဆန်းစုကြည် အမှုရက်ချိန်း ၂၆ ရက်သို့ ချိန်းဆို
by -
ကိုဝိုင်း
ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို ဇွန်လ ၂၆ ရက်နေ့သို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ပြီး ထိုနေ့တွင် သက်သေဖြစ်သူ ဒေါ်ခင်မို့မို့ကို စစ်ဆေးမည်ဟု သိရသည်။ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက သတ်မှတ်ထားသည့်အတိုင်း ယနေ့တွင် ရုံးချိန်း ထုတ်ခဲ့ ...

ချင်းမိုင် (မဇ္စျိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို ဇွန်လ ၂၆ ရက်နေ့သို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ပြီး ထိုနေ့တွင် သက်သေဖြစ်သူ ဒေါ်ခင်မို့မို့ကို စစ်ဆေးမည်ဟု သိရသည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက သတ်မှတ်ထားသည့်အတိုင်း ယနေ့တွင် ရုံးချိန်း ထုတ်ခဲ့သော်လည်း တရားသူကြီး ဦးသောင်းညွန့်နှင့် ဦးညီညီစိုးတို့က တောင်ကြီးမြို့နေ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါ်ခင်မို့မို့အား စစ်ဆေးရန်အတွက် နောက်ထပ် သီတင်းပတ် နှစ်ပတ်ခွာကာ ချိန်းဆိုလိုက်သည်။

“ဒီမနက် ၁၀ နာရီမှာ အန်တီစုတို့လည်း ရောက်တယ်။ တရားသူကြီးက ဒေါ်ခင်မို့မို့ကို စစ်ဆေးဖို့ ဇွန်လ ၂၆ ရက်နေ့ကို ချိန်းလိုက်တယ်။ ဒီနေ့ ရုံးချိန်းကတော့ ခဏလေးပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၅ မိနစ်ခန့် တွေ့ဆုံခွင့်ရခဲ့ပြီး လုပ်ငန်းကိစ္စအချို့ ဆွေးနွေးခဲ့ကြောင်းနှင့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင်မှာ ကျန်းမာရေး ကောင်းမွန်ပြီး “လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွ” ရှိနေကြောင်း သိရသည်။

အခြားသော ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ ထွက်ဆိုပြီး ဖြစ်သည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှ တင်ပြထားသော သက်သေ နောက်ထပ် နှစ်ဦးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ကို တရားရုံးက လက်မခံသဖြင့် ဗဟိုတရားရုံးသို့ အယူခံတင်ထားသည်ကို ဇွန်လ ၁၇ ရက်နေ့တွင် ထွက်ဆိုခွင့် ရှိ၊ မရှိ ဆုံးဖြတ်မည်ဟု ချိန်းဆိုပြီးမှ နာရီ အနည်းငယ်အကြာတွင် အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။