နယူးဒေလီ (မဇ္စျိမ)။ ။ စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်၏ မြန်မာပြည်သို့ ၄ ရက်ကြာ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ကိစ္စအပေါ် မြန်မာစစ်အစိုးရ ခေါင်းဆောင်များအား နားချရန်လည်း ပါဝင်နိုင်ကြောင်း မြန်မာ့စီးပွားရေး ပညာရှင်တဦးက သုံးသပ် ပြောဆိုလိုက်သည်။
မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ဖိတ်ကြားချက်ကြောင့် ရောက်ရှိလာမည့် မစ္စတာ ဂိုချုပ်တောင် (Goh Chok Tong)နှင့် အဖွဲ့၏ ခရီးစဉ်တွင် မြန်မာ့စီးပွားရေး တိုးတက် ကောင်းမွန်ရေး အကြံပေးမည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနေသည့်အပေါ် နားချရန်လည်း ပါဝင်နိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
“အခုတော့ ကျနော်ထင်တာကတော့ မြန်မာအစိုးရကို သူတို့ နားချဖို့ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒေါ်စုကိစ္စနဲ့ ပတ်သက်ပြီးတော့ နားချမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှ အကျိူးမထူးဘူးလေ။ နောက်တခုက စီးပွားရေးနဲ့ ပတ်သက်လို့ တိုင်းပြည် ချမ်းသာသွားရင် အကုန်လုံး ခင်ဗျားတို့လည်း အဆင်ပြေမယ်ဆိုတဲ့ စကား လာပြောဖို့ လာတယ်လို့ ထင်ပါတယ်” ဟု ပြည်တွင်း စီးပွားရေး ပညာရှင်တဦးက မဇ္စျိမကို ပြောသည်။
ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးကလည်း “ဒေါ်စုကိစ္စ ပြောမယ်ဆိုရင်တောင် အာဆီယံမှာ တရားဝင် တာဝန်ရှိတဲ့သူ မဟုတ်တဲ့အတွက် တရားဝင်တော့ ပြောမယ်တော့ ကျနော် မထင်ဘူး။ ပြောမယ်ဆိုရင် တိုးတိုးတိတ်တိတ်လောက်ပဲ ပြောမယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။
သို့သော် ယခုခရီးစဉ်သည် စိတ်ဝင်စားဖွယ်ကောင်းသည့် ခရီးစဉ်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ခရီးစဉ်အတွင်း ခေါင်းမာသည့် မြန်မာစစ်အစိုးရ ခေါင်းဆောင်များက ပေးသည့်အကြံဉာဏ်ကို လက်ခံနိုင်ဖွယ် မရှိသည့်အတွက် မျက်မှောက် မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးပြီး အလားအလာကောင်းသည့် ခရီးစဉ် ဖြစ်နိုင်မည့် အလားအလာ မတွေ့ရှိကြောင်း စီးပွားရေးပညာရှင်က ဆိုသည်။
သူက “ကျနော့်အထင်တော့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရေးအတွက် သိပ်အရေးကြီးတဲ့ ခရီးစဉ်လို့ ကျနော် ပြောလို့ မရဘူးခင်ဗျ။ ကျနော်က ဒီလောက်အထိ မထင်ဘူး။ ဘာကြောင့်လို့လဲဆိုတော့ ဂိုချုပ်တောင် ပြောလည်း ကျနော်တို့ဆီက အရမ်းခေါင်းမာကြတယ်လေ။ စဉ်းစားဉာဏ်က တော်တော်လေး အားနည်းနေသေးတယ်” ဟု ပြောသည်။
မစ္စတာ ဂိုချုပ်တောင်သည် စင်္ကာပူ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၁၉၉ဝ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အတွင်း ၁၉၉၇ ခုနှစ်၌ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။
ဦးအောင်နိုင်ဦးက “သူက မြန်မာပြည်အစိုးရနဲ့ တစုံတရာ ရင်းနှီးမှုရှိတယ်။ ဗိုလ်ချုပ်သန်းရွှေနဲ့လည်း အာဆီယံ ခေါင်းဆောင်တွေ အပါအဝင် တံခါးပိတ်အစည်းအဝေး လုပ်ဖူးတယ်။ ဆိုတော့ ဒီခရီးစဉ်အပြီးမှာ ဘာတွေ ကြားရမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်” ဟု ပြောသည်။
စင်္ကာပူသည် မြန်မာနိုင်ငံတွင် ဟိုတယ်၊ လေကြောင်းလိုင်း၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်နှင့် သင်တန်းများပေးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများကို ပံ့ပိုးပေးခြင်း အပါအဝင် ကူညီပံ့ပိုးမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် နိုင်ငံ ဖြစ်သည်။
သို့သော်လည်း စင်္ကာပူ ဝန်ကြီးချုပ်ဟောင်းအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များအပေါ် နားချလျှင်လည်း လက်ခံနိုင်ဖွယ် မရှိကြောင်း မြန်မာ့စီးပွားရေးပညာရှင်က ယခုလို ဆက်လက် သုံးသပ်သည်။
“သာမန်ကြည့်ရင်တော့ စစ်အစိုးရကို နားချနိုင်မယ်လို့ ထင်ရတာပေါ့။ ဒါပေမဲ့ သမိုင်းတလျှောက်လုံးမှာ ကြည့်ရင်တော့ ကျနော်ထင်တာ ရနိုင်မယ့် အနေထားမရှိဘူးလို့ မြင်တယ်။ ဒါ နိုင်ငံရေးအမြင်ကို ပြောတာပါ” ဟု သူက ပြောသည်။
သူက ဆက်ပြီး “အခုလောလောဆယ် ကြားနေရသလောက်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘယ်သူပေးတဲ့ အကြံမှ သူ မယူဘူး။ သူ ဆုံးဖြတ်တဲ့အတိုင်း သူ လုပ်နေတယ်။ ဒါကြောင့် ပြောသမျှ အဆင်ပြေပါ့မလားဆိုတာ ကျနော် စိတ်ပူတာပေါ့ဗျာ” ဟု ပြောသည်။
ယခုခရီးစဉ်အတွင်း နေပြည်တော်၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အစီအစဉ်ရှိသည်။
ထို့အပြင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့၌ ဖွံ့ဖြိုးရေးကိစ္စရပ်များအတွက် သွားရောက်ရန် ရှိသည့်အပြင်၊ နာဂစ်မုန်တိုင်းဒဏ် ခံနေရသူများအတွက် စင်္ကာပူနိုင်ငံက တည်ဆောက်ပေးသည့် ဧရာဝတီတိုင်းအတွင်းရှိ ကရင်ချောင်းကျေးရွာ ဆေးပေးခန်းဖွင့်ပွဲကိုပါ တက်ရောက်မည်ဖြစ်သည်။
မစ္စတာ ဂိုချုပ်တောင်နှင့်အတူ စင်္ကာပူနိုင်ငံ လူအင်အားဝန်ကြီး ဂန်ကင်မ်ယောင်း (Gan Kim Yong)၊ စင်္ကာပူအစိုးရ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးရာ ပါလီမန်ကော်မတီဥက္ကဋ္ဌ မိုက်ကယ် ပါးလ်မား (Michael Palmer) တို့ လိုက်ပါလာကြမည်ဖြစ်သည်။