ရန်ကုန် (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း ဒလမြို့နယ်မှ ရှေးဟောင်း ဓနုတ် စေတီတော်ကြီး ပြိုကျပျက်စီးမှုတွင် လုံခြံုရေးကို အဓိက ဆောင်ရွက်ကာ ကယ်ဆယ်ရေးကို လျစ်လျူရှုခဲ့သဖြင့် အပျက်အစီးများအောက် အသက်ရှင်လျက် ပိမိနေသူများ သေဆုံးဖွယ်ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးသည် ထီးတော်တင်ခဲ့သည့် စေတီကြီးသည် မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြိုကျခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရကာ၊ အုတ်ပုံအောက်တွင် လူအချို့ ပိမိနေခဲ့သော်လည်း ကယ်တင်ရေးထက်၊ လုံခြံုရေးကို အဓိကလုပ်ခဲ့သဖြင့် သေဆုံးသူဦးရေမှာ ယခုထက် ပိုမိုများပြားဖွယ်ရှိကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။
”(ခ) ရပ်ကွက်က အဖွားကြီးဆို သနားပါတယ်။ သူ့သားက လုပ်အားပေးထဲမှာ ပါတယ်။ အသံတွေကြားတော့ ငါ့သားလေးများလား မသိဘူး၊ ငါ့သားလေး အသံနဲ့ တူလိုက်တာဆိုပြီး ငိုနေတာ။ ဘုရားဆီကိုလည်း သွားလို့ မရဘူးလေ။ လုံခြံုရေးတွေ ရောက်လာပြီးကတည်းက ဘုရားပရိဝုဏ်ထဲကို ဝင်ခွင့်မပေးတော့ဘူး။ အထဲမှာ ပိတ်မိနေတဲ့အထဲက နှစ်ယောက်ပဲ ဆွဲထုတ်လို့ ရတယ်။ ကျန်တာက အပြင်မှာ ဒဏ်ရာရတဲ့ သူတွေကိုပဲ ကယ်နိုင်တယ်” ဟု စေတီတော်အနီးရှိ (က) ရပ်ကွက်မှ အမျိုးသမီးတဦးက မဇ္စျိမကို ယမန်နေ့က ပြောသည်။
အုတ်ကျိုးအုတ်ပဲ့များ၊ အင်္ဂတေတုံးကြီးများနှင့် ငြမ်းများ ရောထွေးနေသည့် အပျက်အစီး အောက်တွင် လူဦးရေ ၃၀ ထက်မနည်း ရှိနိုင်ကြောင်း ပန်းရံလုပ်သားက ခန့်မှန်းသည်။
ကယ်ဆယ်ရေး လုပ်သားတဦးကလည်း ''ပျောက်နေသူ တော်တော် များသေးတယ်။ ရှာလို့တွေ့သမျှ အကုန် ဆေးရုံပို့ပြီးပြီ။ ရန်ကုန်က ငှက်မြတ်နားတော် လာလုပ်နေတဲ့အဖွဲ့က တော်တော်များများ ပျောက်နေတယ်။ ရေတပ်က ၃ ယောက်လောက် ပျောက်နေတယ်။ ပျောက်တဲ့သူတွေက သေဖို့ များတယ်'' ဟု ဆိုသည်။
ဒေသခံ အမျိုးသမီးက ”မနေ့ည (မေ ၃၀ ရက်) အထိ အုတ်ပုံအောက်က ကယ်ကြပါ၊ ကယ်ကြပါ၊ ရေပေးပါလို့ အော်တဲ့အသံတွေ အပြင်က ကြားနေရတယ်။ နောက်တော့ မိုးတွေ ရွာချလို်က်တယ်။ မိုးရွာထဲမှာတောင် အော်သံတွေ၊ ညည်းသံတွေ ကြားနေရတုန်းပဲ။ နောက်တော့ မိုးက တဖြေးဖြေး သဲလာတာ တညလုံးပဲ။ မိုးလင်းခါနီးကျတော့ အသံတွေ မကြားရတော့ဘူး” ဟု ပြောသည်။
အခင်းဖြစ်ပြီး နောက်ရက်မှသာ ယန္တယား စက်ကြီးများဖြင့် အပျက်အစီးများကို စတင် ဖယ်ရှားနိုင်ခဲ့သည်။
ဖယ်ရှားချိန်တွင် ကြည့်ရှုနေသူများအား နေရပ်သို့ပြန်ရန် အသံချဲ့စက်ဖြင့် ပြောသဖြင့် ရွာသူရွာသားများ လှည့်ပြန်သွားပြီး၊ စေတီအတွင်း ပရိဝုဏ်တခုလုံးကို စစ်တပ်နှင့် ဝန်းရံထားပြီး မုခ်ဦးများ ပိတ်ဆို့ထားခဲ့သည်။
အခင်းဖြစ်သည့် ည ၉ နာရီခန့်အထိ အခြေအနေ ဆိုးရွားသည့် ရေတပ်သားနှင့် အရပ်သား ၃၀ နီးပါးကို ရန်ကုန် ဆေးရုံကြီးသို့ ပို့လိုက်ပြီး၊ ဒလနှင့် တွံတေးမြို့ ဆေးရုံများသို့ပါ လူနာ အများအပြားကို ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဒလမြို့ဆေးရုံမှ တာဝန်ကျ ဆရာမတဦးက ''ကျမတို့ဆေးရုံကို လူ ၅၀ လောက် ရောက်လာတယ်။ ဒလကနေ ရန်ကုန်ဆေးရုံကြီး ပို့တာ ၃၀ လောက် ရှိတယ်။ နေရာမှာတင် ပွဲချင်းပြီးသေတာ တယောက်၊ နာမည်မသိဘူး။ နောက်တယောက်က ရေတပ်သား။ သူက ရန်ကုန်ဆေးရုံကြီးကို ပို့နေတုန်း လမ်းမှာ သေတာ'' ဟု ပြောသည်။
၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမတိုင်မီ တကြိမ် ပြိုကျပျက်စီးခဲ့သော ရှေးဟောင်း သမိုင်းဝင် ဓနုတ်စေတီတော်ကြီးအား မူလဉာဏ်တော် အမြင့်ထက် ၉ လက်မ ပိုမိုမြှင့်တင်ဆောက်လုပ်သည့် စီမံကိန်းကို ရွှေသံလွင် ဆောက်လုပ်ရေး ကုမ္ပဏီက ကျပ်သိန်း ၁၅၀၀၀ ဖြင့် တာဝန်ယူလုပ်ကိုင်ခဲ့သည်။
စေတီတော်ကြီး အလုံးစုံပြီးစီးခြင်း မရှိမီ မေလ ရ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည်က ဦးစီးပြီး ထီးတော် တင်လှူခဲ့သည့် ဉာဏ်တော်အမြင့် ၁၉၈ ပေရှိ စေတီတော်ကြီးမှာ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် စတင်ပြိုကျပြီး၊ ၁၀ မိနစ်အကြာတွင် အလုံးစုံ ပြိုကျသွားခြင်း ဖြစ်သည်။
စေတီ တည်ဆောက်ရေးမှာ ပြီးစီးခြင်း မရှိသေးသဖြင့် ဘုရားပြိုသည့်နေ့က ရုံးပိတ်ရက်ဖြစ်၍ လုပ်အားပေးသူ အများပြည်သူ ၃၀၀ ကျော်ရှိပြီး၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှ တပ်သားများပါ လုပ်အားပေးနေသဖြင့် လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထပ်မံတင်လှူခဲ့သည့် စိန်ဖူးတော်နှင့် ထီးတော်၊ ဌက်မြတ်နားတော်တွင် ပူဇော်သည့် ကျောက်မျက်ရတနာများ၏ တန်ဖိုးမှာ ကြီးမားသည့်အပြင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည်ကိုယ်တိုင် ဦးစီးတင်လှူထားသော စေတီဖြစ်သဖြင့် လုံခြံုရေးကို ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း သူတို့က ယူဆနေကြသည်။