ဒေါ်စု အမှုရက်ချိန်း ဇွန်လ ၅ ရက်သို့ ရွှေ့ပြောင်း

ဒေါ်စု အမှုရက်ချိန်း ဇွန်လ ၅ ရက်သို့ ရွှေ့ပြောင်း
အင်းစိန်ထောင်တွင်း ရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုရက်ချိန်းကို လာမည့်လ ၁ ရက်နေ့သို့ ချိန်းဆိုထားရာမှ အာဏာပိုင်များက ယခုအခါ ၅ ရက်နေ့သို့ ရွှေ့ပြောင်း ...

နယူးဒေလီ။     ။ အင်းစိန်ထောင်တွင်း ရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုရက်ချိန်းကို လာမည့်လ ၁ ရက်နေ့သို့ ချိန်းဆိုထားရာမှ အာဏာပိုင်များက ယခုအခါ ၅ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်သည်။

ယမန်နေ့ တရားရုံးက ဇွန်လ ၁ ရက်နေ့သို့ ချိန်းဆိုကြောင်း ပြောဆိုပြီးနောက် အာဏာပိုင်များက ယနေ့တွင် ဒေါ်စုနှင့် မစ္စတာ ယက်တော၏ ရှေ့နေများထံ ရုံးချိန်းရက်ကို ၅ ရက်နေ့သို့ ရွှေ့ပြောင်းကြောင်း အကြောင်းကြားစာများ ပေးပို့လိုက်ခြင်း ဖြစ်သည်။

''၁ ရက်နေ့အစား ၅ ရက်နေ့ကို ရွှေ့ပြောင်းလိုက်တာ။ အဲဒီနေ့မှာ လျှောက်လဲချက် တင်ရမယ်ပေါ့။ လျှောက်လဲချက် တင်ပြီးရင် ကြားနာမယ်။ ကြားနာမှု ပြီးရင်တော့ တရားစီရင်မယ်'' ဟု ဒေါ်စုအမှုအတွက် အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။

အကြောင်းကြားစာများကို ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်နှင့် မစ္စတာ ယက်တော၏ ရှေ့နေ ဦးခင်မောင်ဦးထံ ပေးပို့ခဲ့ကြောင်း ဦးကြည်ဝင်းက ဆက်လက် ပြောဆိုသည်။

Most read this week