ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ အခြေအနေနှင့် စပ်လျဉ်း၍ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံက ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ထောက်ခံကြောင်း ဥရောပသမဂ္ဂက ကြေညာခဲ့သည်ဟု ထိုင်း နိုင်ငံခြားရေးဝန်ကြီး အပြောအရ သိရသည်။
ဤကြေညာချက်သည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ် ဖိရူမ်း Kasit Piromya နှင့် ဥရောပ သမဂ္ဂ ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ချက်သမ္မတနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး Jan Kohout တို့ တွေ့ဆုံဆွေးနွေးအပြီး ပေါ်ထွက်လာခြင်း ဖြစ်သည်။
ချက်သမ္မတနိုင်ငံ ဒုဝန်ကြီးချုပ်သည် ဟနွိုင်းတွင် ကျင်းပလျက်ရှိသော ၉ ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေး (ASEM) သို့ တက်ရောက်လာသည့် ဥရောပ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာခဲ့ပြီး၊ သူတို့နှစ်ဦးသည် မကြာမီက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော တိုးတက်ဖြစ်ထွန်းမှုများအကြောင်း ဆွေးနွေးခဲ့ကြရာမှ ထိုင်းနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မကြာသေးခင်က ကြေညာခဲ့သော မြန်မာနိုင်ငံ လတ်တလော အခြေအနေ ယခုလို ကြိုဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ကြေညာချက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်က မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်အပေါ် ထိုင်းနိုင်ငံ၏ ထောက်ခံမှုကို ထပ်လောင်း အတည်ပြုဖော်ပြခဲ့ပြီး နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အားလုံး ပိုမိုပါဝင်နိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပါရန် တောင်းဆိုကြောင်းကိုလည်း ဖော်ပြထားသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။
သို့သော် မြန်မာ စစ်အစိုးရကမူ ဤကြေညာချက်သည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သည့် သဘော သက်ရောက်ကြောင်းနှင့် ယင်းသည် အာဆီယံအဖွဲ့ကြီး၏ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရေး ဟူသောမူမှာ အဖွဲ့ကြီး၏ အင်အား၏ မဏ္ဍိုင်ပင်ဖြစ်ကြောင်း ပြောဆိုကာ အဆိုပါ ကြေညာချက်ကို ပယ်ချလိုက်သည်။
“အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ထုတ်ပြန်ခဲ့သော ဤကြေညာချက်သည် အာဆီယံ၏ ကျင့်စဉ်နှင့် မကိုက်ညီဘဲ အချက်အလက်များမှာလည်း မှားယွင်းနေကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ရာလည်း ရောက်၍ ပြင်းထန်စွာ ကန့်ကွက် ပယ်ချလိုက်ကြောင်း” စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။
ထိုင်းအစိုးရသည် ‘အာဆီယံအဖွဲ့ကြီး၏ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာတို့ကို ထိန်းသိမ်းရန် ပျက်ကွက်ခဲ့သည့်’ အတွက် ‘ဝမ်းနည်းကြောင်း မှတ်သားထားပါသည်’ ဟု အဆိုပါ တုံ့ပြန်ချက်တွင် ရေးသားထားသည်။
သို့သော် ကဆစ်ကမူ အဆိုပါ ကြေညာချက်သည် အာဆီယံ အဖွဲ့ကြီး၏ ကျင့်စဉ်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ကလည်း ဤအကြောင်းကို စောစီးစွာ ကတည်းကပင် သိရှိထားပြီး ဖြစ်သည်ဟု ပြောသည်။
“မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိသည်ကို မြင်လိုသော မေတ္တာ၊ ကောင်းမွန်သော စိတ်စေတနာ၊ မျှော်လင့်ချက်တို့ဖြင့် အာဆီယံအဖွဲ့ကြီးက လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်” ဟု သူက ပြောသည်။ “ကျနော်တို့ အနေနဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုကို ပြသခြင်းသာ ဖြစ်ပါတယ်” ဟု အင်္ဂါနေ့ထုတ် The Nation သတင်းစာ၏ ရေးသားချက်က ဆိုသည်။
ဤအတောအတွင်း ဟနွိုင်သို့အသွား ထိုင်းနိုင်ငံတွင် တထောက်ရပ်နားခဲ့သော အီးယူ ပြည်ပဆက်ဆံရေး ကော်မရှင်နာ Benita Ferrero Waldner ကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် က ယမန်နေ့က တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံနှင့် ဆက်ဆံနိုင်ရေးအတွက် အီးယူသည် လမ်းကြောင်းမှန်အတိုင်း ဦးတည်သွားနေကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။ “မြန်မာနိုင်ငံကို အထီးကျန်ဖြစ်အောင် လုပ်မထားသင့်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ဆက်ဆံသင့်ကြောင်း တူညီသော အမြင်များလည်း ရှိကြပါသည်” ဟု သူက ပြောသည်။
“နှစ်နိုင်ငံအကြား ပိုမိုယုံကြည်မှု ရရှိစေနိုင်မည့် လူသားချင်း စာနာသည့် အကူအညီများ အီးယူ က မြန်မာနိုင်ငံသို့ ပိုမို ပေးအပ်ရေးကိုလည်း ကျနော် ထောက်ခံပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အာဆီယံအဖွဲ့ကြီးရဲ့ နောက်ထပ် အရေးယူဆောင်ရွက်ချက်ကတော့ ဟနွိုင်း ထိပ်သီးအစည်းအဝေးရဲ့ ရလဒ်ကို စောင့်ရမှာဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ထိုင်းနိုင်ငံအနေနှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရှိလိုကြောင်း အဖိဆစ်က တနင်္လာနေ့က ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသော ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များ ကိစ္စသည် ထိုင်းနိုင်ငံ၏ ပြဿနာသာမဟုတ်၊ နိုင်ငံ ၅ နိုင်ငံ ၆ နိုင်ငံနှင့် ပတ်သက်နေသော ဒေသတွင်း ပြဿနာ ဖြစ်ကြောင်းဖြင့် အဖိဆစ်က ပြောသည်။