ဒီကေဘီအေ တပ်သား စုဆောင်းသဖြင့် ရွာသားများ ထွက်ပြေးနေရ

ဒီကေဘီအေ တပ်သား စုဆောင်းသဖြင့် ရွာသားများ ထွက်ပြေးနေရ
by -
ကိုဝိုင်း
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် အတွင်း၌ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် - ဒီကေဘီအေက အဓမ္မစစ်သား ကောက်ခံနေသဖြင့် ရွာသားများ ထွက်ပြေး ပုန်းရှောင်နေရကြောင်း ဒေသခံ ရွာသားများက ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် အတွင်း၌ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် - ဒီကေဘီအေက အဓမ္မစစ်သား ကောက်ခံနေသဖြင့် ရွာသားများ ထွက်ပြေး ပုန်းရှောင်နေရကြောင်း ဒေသခံ ရွာသားများက ပြောသည်။

ခရိုင်အတွင်းရှိ ကျုံဒိုးမြို့နယ်ထဲမှ ကျုံဘိုင်းအုပ်စုဝင် ရွာများ၊ ချောင်းဖျား၊ ကော့ကဘောင်၊ အုန်းတပင် စသည့် ရွာများတွင် ဒီကေဘီအေ တပ်မဟာ ၉၉၉ က ကျေးရွာ ဥက္ကဋ္ဌများမှတဆင့် အသက် ၃ဝ နှစ်အောက်များကို အဓိက စုဆောင်းနေပြီး၊ မရပါက အသက် ၄ဝ-၅ဝ လည်း ရယူနေသဖြင့် ရှေ့တန်းလိုက်ရမည် စိုးသောကြောင့် လူငယ်များ ထွက်ပြေးနေရခြင်း ဖြစ်သည်။   

“ကျုံဘိုင်းရွာတနယ်လုံးက ၂၅ ယောက် ကောက်တယ်။ ချောင်းဖျား၊ အုန်းတပင်၊ ကော့ကသောင် အဲဒီဘက်ကျတော့ ၁ဝ ယောက် တောင်းတယ်။ မသွားရဲကြဘူးပေါ့နော်။ အကုန်လုံး ထွက်ပြေးကုန်ပြီ။ ထွက်ပြေးလည်း ပေးရမှာပဲတဲ့။ အခုဟာက အတင်းကို ဖြစ်နေတာ။ ကလေးတွေက စစ်မတိုက်ရဘူးဆိုရင် သွားရင် သွားဦးမယ်၊ အခုဟာက ကရင်နီတို့၊ ကချင်ပြည်နယ်တို့ ရှေ့တန်း လိုက်ခိုင်းမယ်ပေါ့နော်” ဟု အမည်မဖော်လိုသည့် ဒေသခံ ရွာသားတဦးက မဇ္စျိမကို ပြောသည်။

ကိုယ်တိုင် မလိုက်နိုင်သူများ အနေဖြင့် အငှားလူစားထိုးလျှင် တဦးစာအတွက် သိန်းနှင့်ချီ၍ ပေးရမည်ဖြစ်ပြီး၊ အငှားလိုက်မည့် သူသည်လည်း ကျောင်းထွက်ပြီးသား အခြေခံ ၈ တန်းခန့် တတ်မြောက်ထားသူများ ဖြစ်ရမည်ဟု အမိန့်ထုတ်ထားသဖြင့် လူရှာမရသေးသည့် ရွာတချို့မှ မိဘများ စိတ်ဆင်းရဲနေကြရကြောင်း သူက ဆိုသည်။

“လူရော ပိုက်ဆံရော ရှာလို့မရလို့ပေါ့၊ ဒီမှာ ဒုက္ခတွေ ရောက်ကြတယ်။ တချို့ အဖွားတွေ အမေတွေဆိုလေ ငိုငို ယိုယိုနဲ့။ တချို့ ကလေးတွေကျတော့လည်း ဦးဇင်းတက်ဖို့ အစီအစဉ်နဲ့ ဘုန်းကြီးကျောင်းမှာ သွားလိုက်တယ်။ ဒါပေမယ့် မလွတ်ဘူးလေ။ ကလေးတွေကလည်း ကြောက်လန့်ပြီးတော့ ကျုံဒိုး၊ ဘားအံသွားလိုက်၊ တချို့ကျတော့ မြဝတီ တက်လိုက်ပေါ့ ပြေးကုန်ကြတာ” ဟု သူက ဆက်ပြောသည်။

ဒေသခံနောက်ထပ် ရွာသားတဦင်္းကမူ ယင်းသို့ စစ်သား စုဆောင်းနေမှုကို ကော့ကရိတ်ခရိုင် အတွင်းရှိ ရွာများ အားလုံးတွင် ဖြစ်နေပြီး၊ တောင်းခံသည့်လူ ပေးနိုင်ခြင်း မရှိသေးဘဲ အဖြေပေးရန်မှာလည်း ၃ ရက်သာ ကျန်တော့ကြောင်းနှင့် အဖွဲ့ပေါင်းစုံကို ငွေပေးနေရသည် သာမက ယခုအခါ လူပါပေးရမည့် အခြေအနေမျိုးဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။

“ခဏဆို လာပြီ၊ ဒီကေဘီအေ ခ (အဖိုးအခ) တဲ့။ အဲဒီတော့ ရွာသားတွေက ကြောက်ကြတယ်။ ၄ သောင်း၊ ၅ သောင်း၊ အဲဒီလိုမျိုး ပုံစံတွေ ပိုက်ဆံ ကောက်ကောက်နေတာ။ အခုက လူပို့ရမှာ၊ နောက်ထပ် အချိန် ၃ ရက်ပဲ ကျန်တယ်။ အခုထိ အဖြေမထွက်သေးဘူး။ ငြိမ်းချမ်းရေးကလည်း တဖွဲ့လာလိုက်၊ ဒီကေဘီအေက လာလိုက်၊ ကေအန်ယူက လာလိုက်။ အဲဒီကြားထဲမှာ စစ်သားက ကောက်လိုက်။ အားလုံး ကြောက်ရတာချည်းပဲ” ဟု သူက ပြောသည်။

ဘားအံခရိုင် ပိုင်ကျုံမြို့နယ်ဘက်တွင်လည်း ယင်းကဲ့သို့ စုဆောင်းမှုများရှိနေပြီး လှိုင်းဘွဲနယ်မှ ကွမ်ဘီရွာနှင့် မယ်သိမ်ရွာများတွင် အဓမ္မလိုက်ဖမ်းထားသူ ၂ဝဝ ဦးခန့် ရှိပြီဟုလည်း ကြားသိရကြောင်း သူက ပြောသည်။

ဒီကေဘီအေသည် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်၍ နအဖ နှင့် အပစ်အခတ် ရပ်စဲလိုက်သည့် အဖွဲ့ဖြစ်သည်။

Most read this week