ရန်ကုန်မြို့အတွင်း နေရာအနှ့့ံ ရေလျှံ

ရန်ကုန်မြို့အတွင်း နေရာအနှ့့ံ ရေလျှံ
ဘင်္ဂလား ပင်လယ်အော်အတွင်း ဗဟိုပြု တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်ကြောင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် မေလ ၂၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ထိုသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ နေရာအနှံ့အပြားရှိ လမ်းမကြီးများနှင့် ရပ်ကွက်များတွင် ရေလျှံမှုများ ဖြစ်ပွားခဲ့ ...

ရန်ကုန်။     ။ ဘင်္ဂလား ပင်လယ်အော်အတွင်း ဗဟိုပြု တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်ကြောင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် မေလ ၂၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ထိုသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ နေရာအနှံ့အပြားရှိ လမ်းမကြီးများနှင့် ရပ်ကွက်များတွင် ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်  ၄၈ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြု တိုက်ခတ်လျက်ရှိသော မုန်တိုင်းကြောင့် ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း မိုးရွာသွန်းမှုမှာ  နှစ်စဉ်ရွာ သွန်းလေ့ရှိသည့် ပုံမှန် မိုးရေချိန်ပမာဏသာ ဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ တယ်လီဖုန်းဖြင့် ဖြေကြားပြောဆိုသည်။

“တိုင်းထွာထားချက်တွေအရ ဆိုရင်တော့ မိုးရေချိန်စံချိန်တင်တာ နေပြည်တော်၊ ထားဝယ်နဲ့ ကိုကိုးကျွန်းတွေမှာပါ။ ရန်ကုန်မှာတော့ ထူးခြားမှု မရှိပါဘူး။ နှစ်စဉ် ပုံမှန်ရွာသွန်းနေကျအတိုင်းပဲ ဖြစ်မှာပါ“ ဟု တယ်လီဖုန်းဖြင့် ဖြေကြားသည်။

သို့သော်လည်း ရန်ကုန်မြို့ နေရာအနှံ့ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်သိန်းလင်းက မိုးဦးကျကာလတွင် ရန်ကုန်မြို့ရှိ လမ်းများပေါ်တွင် ရေလျှံခြင်းမှာ သာမန် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သာဖြစ်ကြောင်း မေလ ၁၃ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ကာ လူအများကို အပြစ်တင်ခဲ့သည်။

ဗိုလ်မှုးချုပ်အောင်သိန်းလင်းက “လူတွေက တနွေလုံး အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ မြောင်းတွေထဲ ပစ်ထားကြတယ်။ တနွေလုံး ပစ်ထားတဲ့ အမှိုက်တွေက မြောင်းတွေထဲ ပြည့်နေတယ်။ ဒီတော့ မိုးနည်းနည်းရွာတာနဲ့ ရေက လျှံတက်လာတယ်။ ဒါက ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ ဖြစ်ရိုးဖြစ်စဉ်ပါ“ ဟု ပြည်သူများ စည်းကမ်းမဲ့စွာ အမှိုက်ပစ်ကြသဖြင့် လမ်းများတွင် ရေလျှံရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ရန်ကုန်မြို့ နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အနက် ယာဉ်အသွားအလာများ ပိတ်ဆို့သွားသည်အထိ ဆိုးရွားစွာ ရေလျှံခဲ့သော နေရာများမှာ ပြည်လမ်းမကြီးပေါ်ရှိ ကုန်းမြင့်သာယာ ကုန်းဆင်းနှင့် ရ မိုင်ကြား၊ ကမာရွတ်မြို့နယ်ရှိ ဗဟိုလမ်းမပေါ်၊ မဟာဗန္ဓုလမ်းမပေါ် ပန်းဆိုးတန်း ကားမှတ်တိုင်ပတ်ဝန်းကျင်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်၊ ယုဇနပလာဇာရှေ့နှင့် တာမွေပလာဇာရှေ့၊ လေးထောင့်ကန်လမ်းမပေါ် သင်္ဃန်းကျွန်းစျေးအနီး၊ ကန်တော်ကလေး မြန်မာ့ဂုဏ်ရည်လမ်းမတို့ ဖြစ်သည်။

အချို့နေရာများတွင် မော်တော်ကားများအတွင်း ရေဝင်သဖြင့် စက်ချို့ယွင်းပြီး၊ ဆက်လက် သွားလာနိုင်ခြင်း မရှိတော့၍ ရေလျှံသည့်လမ်းများပေါ်တွင် လူများက စောင့်ဆိုင်းကာ အခကြေးငွေယူ ကားတွန်းပေးခြင်းများ ပြုလုပ်ကြသည်။

Most read this week