နိုင်ငံတကာက အရေးယူချိန်တန်ပြီဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက ပြောဆို

နိုင်ငံတကာက အရေးယူချိန်တန်ပြီဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက ပြောဆို
by -
မုံပီး
အကယ်၍ သူမကို ‘ဆက်လက် ထိန်းသိမ်းရန် အပြစ်ရှာခြင်းသာဖြစ်သည့်’ လက်ရှိအမှုတွင် အပြစ်ပေးခဲ့ပါက ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အနေဖြင့် အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာရှေ့နေက ပြောကြား ...

နယူးဒေလီ (မဇ္ဈိမ)။     ။ အကယ်၍ သူမကို ‘ဆက်လက် ထိန်းသိမ်းရန် အပြစ်ရှာခြင်းသာဖြစ်သည့်’ လက်ရှိအမှုတွင် အပြစ်ပေးခဲ့ပါက ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အနေဖြင့် အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာရှေ့နေက ပြောကြားလိုက်သည်။   

“ဒေါသထွက်ကြောင်းနှင့် ရှုတ်ချကြောင်း ကြေညာချက်များမှာ ကုန်လွန်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်သည် အရေးယူ ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်” ဟု အမေရိကန် အခြေစိုက် 'Freedom Now' ၏ ဥက္ကဋ္ဌ Jared Genser က ပြောသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို အရေးယူဆောင်ရွက်ရန်လည်း တိုက်တွန်းလိုက်ပြီး မြန်မာပြည်သူများ နောက်တကြိမ် ဒုက္ခမရောက်ကြပါစေရန် သူက ပြောဆိုလိုက်ခြင်း ဖြစ်သည်။   

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို စွဲဆိုထားချက်များသည် ‘ရယ်ဖွယ်’ မျှသာ ဖြစ်သော်လည်း စစ်အစိုးရက သူမကို နောက်ထပ် ထောင် ၃ နှစ်ထပ်ချမည့် အရိပ်အယောင်ပြနေသည်ဟု Genser က ပြောသည်။   

“သို့သော် အကယ်၍ သူမကို အပြစ်ပေးခဲ့ပါက ကျနော့်အနေဖြင့် ကုလ လုံခြံုရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း၊ သူမကို အပြစ်ပေးလိုက်ခြင်းသည် လုံခြံုရေးကောင်စီ ဥက္ကဋ္ဌ၏ ၂ဝဝ၇ ခုနှစ် ထုတ်ပြန်ကြေညာချက်ပါ တောင်းဆိုချက်များကို ဖောက်ဖျက်လိုက်ခြင်းလည်း ဖြစ်ကြောင်း” ဟု သူက ပြောသည်။   

ကြာသပတေးနေ့က ဒေါ်စု၏ အမှုကို စတုတ္ထမြောက်နေ့အဖြစ် အင်းစိန်ထောင်ရှိ အထူးတရားရုံးတွင် ဆက်လက်စစ်ဆေးခဲ့သည်။ သို့သော် အမှုကို တံခါးပိတ် စစ်ဆေးခဲ့ပြန်ပြီး၊ သံတမန်များနှင့် သတင်းစာဆရာများကို ရုံးတွင်း ဝင်ရောက်နားထောင်ခွင့် မပြုခဲ့ပါ။   

ဗုဒ္ဓဟူးနေ့ကမူ အာဏာပိုင်များက ပထမဆုံးအနေဖြင့် သံတမန် ၃ဝ နှင့် သတင်းစာဆရာ ၁ဝ ဦးကို အမှုစစ်ဆေးနေသည်ကို ဝင်ရောက်ကြည့်ရှု နားထောင်ခွင့်ပြုခဲ့သည်။

“ဒီမနက်လည်း ကျနော် ထောင်ဗူးဝကို သွားခဲ့ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ဘယ်သူ့ကိုမှ ဝင်ခွင့် မပေးခဲ့ပါဘူး” ဟု အကျဉ်းထောင်သို့ သွားရောက်ခဲ့သော နိုင်ငံခြား သတင်းအေဂျင်စီတခု၏ သတင်းထောက်တဦးက မဇ္ဈိမကို ကြာသပတေးနေ့က ပြောသည်။   

အန်အယ်ဒီ၏ ပြောရေးဆိုခွင့်ရှိသူလဲဖြစ်၊ စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်သည့် ဥပဒေအကျိူးဆောင် တဦးလည်းဖြစ်သူ ဦးဉာဏ်ဝင်းက တရားလိုဘက်မှ သက်သေ ၄ ဦးကို ကြာသပတေးနေ့တွင် စစ်ဆေးခဲ့ကြောင်း၊ အမေရိကန်လူမျိုး ဂျွန်ဝီလျံ ယက်တောထံမှ သိမ်းဆည်းရမိသော ဗီဒီယိုကို ပြသနေသဖြင့် စစ်ဆေးမှုမှာ ကြာရိုးကြာစဉ်ထက် ကြာသွားကြောင်း ပြောသည်။   

အမှုကို ဆက်လက်စစ်ဆေးရန် တရားရုံးက မေလ ၂၂ ရက်သို့ ချိန်းဆိုလိုက်ပြီး၊ “အမှုစစ်တာက အတော်လေး မြန်တယ်၊ ဒီတိုင်းဆို သိပ်ကြာမယ် မထင်ဘူး” ဟု သူက ဆက်လက်ပြောဆိုလိုက်သည်။

ဤသို့ အမှုကို မြန်မြန်စစ်ဆေးနေခြင်းသည် နိုင်ငံတကာ၏ ဖိအားကို ရှောင်ရှားရန်နှင့် အမှုကို မြန်နိုင်သမျှမြန်မြန် အပြီးသတ်ရန် ဖြစ်နိုင်ပုံရကြောင်းလည်း ွနညျနမ က ပြောသည်။   

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရပြီး၊ သူမ၏ နောက်ဆုံး နေအိမ်အကျယ်ချုပ် သက်တမ်းမှာ မေလ နောက်ဆုံးပတ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ သူမ၏ နေအိမ် အကျယ်ချုပ်သက်တမ်းနှင့် ပတ်သက်၍ စစ်အစိုးရက နိုင်ငံတကာနှင့် ပြည်တွင်း ရှေ့နေများနှင့် အငြင်းပွားခဲ့ပြီး မြန်မာနိုင်ငံ၏ ဥပဒေအရ သူမကို နေအိမ်အကျယ်ချုပ်သက်တမ်း ၆ နှစ်အထိ ထားရှိနိုင်သည်ဟုဆိုကာ နေအိမ်အကျယ်ချုပ် သက်တမ်းကို နောက်ထပ်တနှစ် ထပ်မံတိုးမြှင့်ခဲ့သည်။   

သို့သော် Genser ကမူ သူမ၏ နေအိမ်အကျယ်ချုပ် သက်တမ်းသည် လွန်ခဲ့သော တနှစ်ကပင် ကုန်ဆုံးခဲ့ပြီး၊ စစ်အစိုးရအနေဖြင့် သူမကို လွှတ်ပေးရန်မှတပါး အခြား ရွေးချယ်စရာလမ်း မရှိဟု ပြောကြားခဲ့သည်။   

Genser နှင့်အတူ အတိုက်အခံ အဖွဲ့အစည်းအများစုနှင့် မြန်မာ့ရေးရာ အကဲခတ်များက ဤအမှုသည် သူမကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန် စစ်အစိုးရ၏ အမှုဆင်စွဲဆိုချက်များသာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။ ဤရွေးကောက်ပွဲသည် စစ်အစိုးရ၏ ဒီမိုကရေစီသို့ သွားရာ အဆင့် ရ ဆင့်ပါ လမ်းပြမြေပုံ၏ အဆင့် ၅ ဖြစ်သည်။   

သို့သော် ဤသို့ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် သူမ မပါဝင်နိုင်ခြင်းသည် သူတို့၏ အုပ်စိုးမှုကို တရားဝင်စေရန် ကျင်းပသည့် ရွေးကောက်ပွဲကို စစ်အစိုးရက ညစ်ရန် ရည်ရွယ်သည့် နောက်ထပ် သက်သေပြမှုတခု ဖြစ်သည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။   

ဗုဒ္ဓဟူးနေ့ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည် မပါဝင်သော ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲသည် တရားဝင်မှု ရှိလိမ့်မည် မဟုတ်ကြောင်း ကွန်ဂရက်လွှတ်တော် ကြားနာပွဲတွင် ပြောဆိုခဲ့သည်။   

ရွေးကောက်ပွဲ၏ အခြေခံဖြစ်သော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်က မှားယွင်းချွတ်ချော်နေသဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲသည်လည်း အခြေခံအရပင် မှားယွင်းချွတ်ချော်နေကြောင်းဖြင့် Genser က ပြောသည်။   

“၂ဝ၁ဝ ရွေးကောက်ပွဲသည် လွတ်လပ်မျှတလိမ့်မည် မဟုတ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ယင်းသည် စစ်အစိုးရ၏ အခန်းကဏ္ဍကိုသာ ထာဝရတည်တ့ံနေစေလိမ့်မည် ဖြစ်သည်။ ထို့ပြင် ဤသို့ သူမ (ဒေါ်အောင်ဆန်းစုကြည်) ကို အပြစ်ပေးလိုက်ခြင်းသည် ဤအချက်ကို နောက်ထပ် အားဖြည့်ပေးလိုက်သလို ဖြစ်မည်ဖြစ်ကြောင်း” Genser က နဂုံးချုပ် ပြောကြားခဲ့သည်။