ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာငွေစက္ကူ တထောင်တန် အတုများ သယ်ဆောင်လာသူဟု သံသယရှိသူ နှစ်ဦးကို ရဲက တာချီလိတ်မြို့တွင် ရဲက ဖမ်းဆီးခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ စန္ဒာလင်း တည်းခိုခန်းတွင် တည်းခိုနေသော ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှ စိုင်းခွန်နွမ်းနှင့် စိုင်းစံရွှေ အား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြန်မာငွေ ထောင်တန် (အသေး) နှင့်တူသော ငွေစက္ကူအတု အရွက် ၂ဝဝဝ ခန့်နှင့်အတူ မေလ ၁၈ ရက် သန်းခေါင်ယံ အချိန်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။
ရဲများက တည်းခိုခန်းများအား လိုက်လံစစ်ဆေးရာမှ ငွေစက္ကူများကို တွေ့မိခဲ့ခြင်းဖြစ်ကြောင်းနှင့် “ စက္ကူက အရည်အသွေး မကောင်းဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောသည်။
စိုင်းခွန်နွမ်းမှာ ထို်င်းနိုင်ငံ မြောက်ပို်င်း ချင်းမိုင် (ဇင်းမယ်)တွင် နေထိုင်သူတဦးဖြစ်ပြီး ငွေစက္ကူအတုများမှာ ထိုင်းနိုင်ငံဘက်တွင် ပြုလုပ်သည်ဟု ယုံကြည်ရသည်။
တာချီလိတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦး ငွေအတုကြောင့် ဖမ်းဆီးခံရသူ နှစ်ဦးသည် ရှမ်းပြည်မြောက်ပိုင်းမှ လာရောက်သူများဖြစ်ကာ လက်ရှိတွင် တာချီလိတ် ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု အတည်ပြု ပြောဆိုသည်။