နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ၉ ဦးက ဒေါ်စု လွှတ်ပေးရေး တောင်းဆို

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ၉ ဦးက ဒေါ်စု လွှတ်ပေးရေး တောင်းဆို
by -
မေကျော်
တောင်အာဖရိက ခရစ်ယာန် ဘုန်းတော်ကြီး အပါအဝင် ကမ္ဘာ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ၉ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ယနေ့ တောင်းဆိုသည်။ သူတို့က ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုစာကို ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ...

ချင်းမိုင် (မဇ္စျိမ)။     ။ တောင်အာဖရိက ခရစ်ယာန် ဘုန်းတော်ကြီး အပါအဝင် ကမ္ဘာ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ၉ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ယနေ့ တောင်းဆိုသည်။    

သူတို့က ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုစာကို ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်း ပစ်ဆူဝမ်းထံ ပေးပို့ခြင်း ဖြစ်သည်။

၁၉၈၄ ခုနှစ် ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး Desmond Tutu နှင့်အတူ ကော့စ်တာ ရီကာ သမတဟောင်း Oscar Arias (၁၉၈၇)၊ Jody Williams (အမေရိကန်၊ ၁၉၉၇)၊  Rigoberta Menchu (ဂွါတီမာလာ၊ ၁၉၉၂)၊ Adolfo Perez Esquivel (အာဂျင်တီးနား၊ ၁၉၈ဝ), Wangari Mathaai (ကင်ညာ၊၂ဝဝ၄), Shirin Ebadi (အီရန်၊ ၂ဝဝ၃), Betty Williams (ဗြိတိန်၊ ၁၉၇၆) နှင့် Mairead Corrigan Maguire (ဗြိတိန်၊ ၁၉၇၆) တို့က စာတွင် လက်မှတ် ရေးထိုးထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး နယ်ပယ်သာမက အရှေ့တောင်အာရှ တည်ငြိမ်ရေးမှာပါ အရေးပါကြောင်း ပေးပို့စာထဲတွင် ဆိုထားသည်။    

နော်ဝေးနိုင်ငံ အခြေစိုက် နိုဘယ်ဆု ရွေးချယ်ရေး အဖွဲ့ကလည်း ဒေါ်စုအား တရားစွဲဆိုနေသည့်အပေါ် လက်ခံနိုင်ဖွယ် မရှိကြောင်း ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းဆုကို ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။